ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့နယ်ထဲမှာ ဧပြီ ၂၁ ရက် မနက်စောစောက တရားမဝင်မြန်မာတွေသယ်ဆောင်လာတဲ့ကား ၁ စီး စစ်ဆေးရေးအဖွဲ့ကို တိမ်းရှောင်စဉ် တိမ်းမှောက်သွားခဲ့ပါတယ်။
ယာဉ်မောင်းသူရော ကားပေါ်ပါလာသူတွေပါ ထွက်ပြေးကြရာမှာ ကလေးရော လူကြီးပါ ၆ ယောက် ဖမ်းမိပြီး ဒဏ်ရာတွေလည်း ရထားတာကြောင့် တာဝန်ရှိသူတွေက မယ်ဆိုင်ဆေးရုံကို ပို့ပေးလိုက်တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ဒီကနေ့မနက်စောစောက နယ်ခြားစောင့်ရဲနဲ့ စစ်တပ်တာဝန်ရှိသူတွေဟာ မယ်ဆိုင်မြို့နယ် ပုံဖာကျေးရွာအုပ်စုထဲမှာ စောင့်ကြပ်စစ်ဆေးနေတဲ့အခိုက်မှာ မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကား ၁ စီးက နယ်စပ်ဆန်ပါဆပ်ရွာဘက်ကနေ မောင်းနှင်လာတာတွေ့လို့ တာဝန်အရစစ်ဆေးဖို့ ရပ်မိန့်ပေးလိုက်စဉ် အဆိုပါကားက ရပ်မပေးဘဲ အရှိန်မြှင့်မောင်းနှင်ထွက်ပြေးသွားတယ်လို့ တာဝန်ရှိက သတင်းထောက်တွေကို ပြောပါတယ်။
အဆိုပါကားနောက်ကို လိုက်သွားရာမှာ ဝပ်ထမ့်ပုံကျောင်းတိုက်ရှေ့ရောက်တော့ တိမ်းမှောက်သွားကြောင်း၊ ယာဉ်မောင်းရော ကားပေါ်ကလူတွေပါ ကစဉ့်ကလျား ထွက်ပြေးသွားကြလို့ လိုက်ဖမ်းရာမှာ အဲဒီထဲက အမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး နဲ့ ကလေး ၁ ယောက်ကို ဖမ်းမိပြီး သူတို့မှာ ယာဉ်တိမ်းမှောက်ရာကဒဏ်ရာတွေရထားတဲ့အတွက် မယ်ဆိုင်ဆေးရုံကြီးကို ပို့ပေးထားတယ်လို့ ဆိုပါတယ် ။
စစ်ဆေးမေးမြန်းချက်အရ ကားပေါ်မှာ လူ ၃၀ လိုက်ပါလာကြောင်း၊ ထိုင်းမှာအလုပ်လာလုပ်ဖို့ ခြေကျင် တောလမ်းကနေတဆင့် ဒွိုင်နန်းနွန်းတောင်ခြေနားပတ်လာကြောင်း ၊ အဲဒီနောက် ချိန်း ထားတဲ့နေရာမှာ အဆိုပါကားက လာကြိုတာလို့ ဆိုပါတယ်။
ဧပြီ ၂၀ ည ၈ နာရီခွဲလောက်တုန်းကလည်း မယ်ဆိုင်နဲ့ကပ်လျက် မယ်ဖာ့လုံမြို့နယ် မယ်ဖာ့လုံအုပ်စု ဘန့်ဟွေ့ပူမိုင်ကျေးရွာဘက်မှာ မသင်္ကာဘွယ် ဟိုင်းလပ်ကား ၂ စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတားဆီးစစ်ဆေးပြီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၃၂ ဦးတို့ကို လမ်းပြ ၂ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
ယာဉ်မောင်း ၂ ဦးလုံးထိုင်းလူမျိုးဖြစ်ပြီး တရားမဝင်လုပ်သားတွေကို ထိုင်းနိုင်ငံအတွင်းပိုင်းကိုပို့ပေးဖို့ ၁ ဦးလျှင် ဘတ် ၁၄၀၀၀ စီရကြောင်း ၊ မြန်မာတွေကတော့ သူတို့အနေနဲ့ ပွဲစားကို ၁ ဦးလျှင် ဘတ် ၂၂၀၀၀ စီပေးခဲ့ရတယ်လို့ ပြောသွားပါတယ်။