ရန်ကုန်-ထားဝယ်-မြိတ် အဝေးပြေးကားလမ်းမတလျှောက်နဲ့ ထားဝယ်ခရိုင်အတွင်း ကားလမ်း တွေပေါ်မှာ စစ်ကောင်စီတပ်တွေ သွားလာလှုပ်ရှားနေမှုတွေ၊ တပ်အင်အား ဖြည့်တင်းနေမှုတွေ၊ လက်နက်ရိက္ခာ သယ်ပို့တာတွေကို တားဆီးဟန့်တားနိုင်ဖို့ ခရီးသွားပြည်သူတွေ လိုက်နာရမယ့် အချက်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) က ဒီနေ့ ထုတ်ပြန်ထားပါတယ်။
အဲဒီကားလမ်းမတွေပေါ်မှာ ပြည်သူတွေအနေနဲ့ ည ၇ နာရီကနေ မနက် ၄ နာရီအထိ ခရီးသွားလာခြင်း မပြုကြဖို့၊ အဝေးပြေးကားလမ်းမပေါ်က ခရီးသွားကားတွေအနေနဲ့ ကားမှန်တင်ပြီးသွားတာ၊ တလပတ်တွေနဲ့အုပ်ပြီး သွားတာမျိုး မလုပ်ကြဖို့နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ကားတွေနဲ့ အနီးကပ် မောင်းနှင်သွားလာတာမျိုးကို ရှောင်ကြဉ်ကြဖို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်) တာဝန်ရှိသူတဦးက “ပြည်သူတွေအနေနဲ့ ကျနော်တို့ရဲ့ ထုတ်ပြန်ချက်တွေကို လေးစားလိုက်နာပေးကြပါ။ စစ်ရေးလှုပ်ရှားမှုတွေကို အစဉ်တစိုက် နားစွင့်ပြီးမှ ကိုယ်သွားမယ့်ခရီးကို သွားသင့် မသွားသင့် ဆင်ခြင်ကြပါ။ အခုလို ထုတ်ပြန်တာကလည်း ခရီးသွားပြည်သူတွေ နစ်နာမှာစိုးလို့ ထုတ်ပြန်ရတာ” လို့ ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (ထားဝယ်ခရိုင်)ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာ လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုလည်း ဖြစ်ပါတယ်။
ဧပြီ ၂၀ ရက်ကလည်း ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့တခု အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က ၇ ဦးလောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။