တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ဧပြီ ၂၀ ရက် မနက် ၅ နာရီလောက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံခဲ့ရပြီး အကျအဆုံးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်-မြိတ်ကားလမ်းမပေါ် သရက်နှစ်ခွကျေးရွာနဲ့ ပန်းပြင်ကျေးရွာအကြား မနက် ၅ နာရီကနေ ၇ နာရီလောက်အထိ အမည်မသိ လက်နက်ကိုင်အဖွဲ့တဖွဲ့နဲ့ အင်အား ၂၀ ခန့်ရှိ စစ်ကောင်စီတပ်သားတွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၇ ဦး ကျဆုံးတယ်လို့ ဒေသခံတွေက ပြောပေမဲ့ သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။
တိုက်ပွဲဖြစ်ပွားပြီး တနာရီလောက် အကြာမှာတော့ ထားဝယ်ဘက်ကနေ စစ်ကားတစီးနဲ့ စစ်ကောင်စီတပ်သား ၂၀ လောက် လာရောက်စစ်ဆေးခဲ့ပြီး ကျဆုံး၊ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို အရေးပေါ်ကားတွေနဲ့ လာရောက် သယ်ယူသွားတယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့ နေရာအနီးက ဒေသခံတဦးကတော့ "စဖြစ်တာက မနက် ၅ နာရီအတိလောက်ကပဲ၊ အပြန်အလှန်ပစ်တာ ၂ နာရီလောက်တောင်ရှိမယ်၊ စစ်သားတွေ တော်တော်ထိသွားတာ၊ အရေးပေါ်ကားနဲ့ အလောင်းတွေတောင် လာသယ်နေတယ်" လို့ ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှုကြောင့် ထားဝယ်-မြိတ် ကားလမ်းမပေါ်မှာ ခရီးသည်တွေ မနက် ၉ နာရီလောက်ထိ စောင့်ဆိုင်းနေခဲ့ရပြီး လက်ရှိမှာတော့ ပုံမှန်အတိုင်း သွားလာနေကြပြီလို့ ဒေသခံတဦးက ဆိုပါတယ်။
ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ကနေ တနင်္သာရီတိုင်းအတွင်းက စစ်ကောင်စီ တပ်ရင်းတွေထံ PDF တွေ ရှိနေနိုင်တဲ့ ဒေသတွေကို နယ်မြေရှင်းလင်း စစ်ကြောင်းထိုးဖို့ လျှို့ဝှက် ညွှန်ကြားထားတဲ့ ကြေးနန်းစာတစောင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေပါတယ်။
ဒေသအတွင်း လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကလည်း အခုရက်ပိုင်းအတွင်း စစ်ရေးအရှိန် မြှင့်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
photo -CJ