ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်စက်မှုဇုန် အမှတ် ၃ လမ်းမမှာရှိတဲ့ စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို မြောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဧပြီ ၁၉ ရက် ညနေ ၄ နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း စစ်ဒေသကွပ်ကဲရေးဌာန၊ သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ပြောပါတယ်။
နန်းထိုက်အောင် စစ်ဆင်ရေးအရ စစ်ရေးပစ်မှတ်ဖြစ်တဲ့ စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့လည်း အဲဒီတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“ပင်မထုတ်လုပ်ရေးဘက်မှာတော့ တော်တော် ထိခိုက်ပျက်စီးသွားတယ်လို့ သိရတယ်။ လူထိခိုက်တာမျိုးတော့ မရှိဘူး။ အက်ဒမန်ဂိုး ထုတ်လုပ်တဲ့အခြမ်းရော မြန်မာဘီယာထုတ်တဲ့ အခြမ်းရော တော်တော်ထိသွားတယ်။ အဲ့နောက်ပိုင်း လုံခြုံရေး အဆမတန်မြှင့်ထားတယ်။”
နန်းထိုက်အောင် စစ်ဆင်ရေးကို ဧပြီ ၈ ရက်က စတင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ စစ်ရေးပစ်မှတ်တွေကို တိုက်ခိုက်ရှင်းလင်း ဆောင်ရွက်ခဲ့တဲ့ မစ်ရှင်ပေါင်း ၃၄ ခုထိရှိပြီလို့ ဆိုပါတယ်။
နန်းထိုက်အောင် စစ်ဆင်ရေးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မြန်မာနိုင်ငံတောင်ပိုင်း မြို့ပြစစ်ဆင်ရေးဖြစ်ပြီး အကြမ်းစစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ပစ်မှတ်အကုန်လုံးကို တိုက်ခိုက်သွားမယ်လို့ ရန်ကုန်တိုင်းစစ်ဒေသ ကွပ်ကဲရေးဌာန သတင်းပြန်ကြားရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။