ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ဧပြီ ၁၉ ရက် ည ၉ နာရီခွဲလောက် ပေါက်ကွဲသံ ထွက်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ည ၉ နာရီသာသာက ဖြစ်တာ။ အသံဗုံးပေါက်တာပဲ။ ညဆိုတော့ အသံသာကြားတာ။ ဘယ်နေရာလည်း သေချာမသိဘူး” လို့ ပြောပါတယ်။
ဧပြီ ၁၉ ရက် ည ၁၀ နာရီလောက်ကလည်း လှိုင်သာယာမြို့နယ်မှာလည်း ပစ်ခတ်သံတွေ ကြားလိုက်ရသေးတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြို့ခံတဦးက “ထန်းတပင်လမ်းဆုံ၊ တိုးဂိတ်နားက သေနတ်ပစ်ခတ်သံတွေကြားရတာ။ ဘာဖြစ်ကြတယ် သေချာ မသိသေးဘူး” လို့ ပြောပါတယ်။
အလားတူ ရွှေပြည်သာမြို့နယ်မှာလည်း မနေ့ည ၉ နာရီခွဲလောက်က ပေါက်ကွဲသံကြားရပြီး နောက်ဆက်တွဲ မသိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းမှာ ဧပြီ ၁၉ ရက် တနေ့လုံး စက်သုံးဆီဂယက်ကြောင့် စက်သုံးဆီ စီတန်းဝယ်ယူနေကြတာကြောင့် ယာဥ်ကြောကြပ်မှုတွေ၊ လမ်းပိတ်ဆို့မှုတွေ ဖြစ်ခဲ့ပြီး ညပိုင်းမှာလည်း မြို့နယ်တချို့မှာ ပစ်ခတ်ပေါက်ကွဲမှုတွေ ဖြစ်ပေါ် ခဲ့တာပါ။
ပစ်ခတ် ပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေတွေကိုတော့ မသိရသေးပါဘူး။