ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘားအံ-သထုံကားလမ်းမပေါ်ရှိ စစ်ကောင်စီ ဝါးဘိုးတောစစ်ဆေးရေး ဂိတ်စခန်းကို ဧပြီ ၁၉ ရက် ဒီနေ့မနက် ၈ နာရီလောက် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီစစ်ကောင်စီဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့တို့ သွားရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာပါ။
KNU တပ်မဟာ ၁ တာဝန်ရှိသူတစ်ဦးကတော့ စစ်ကောင်စီဂိတ်စခန်းကို သွားရောက် တိုက်ခိုက်ခဲ့တာ မှန်ကန်ပေမယ့် ထိခိုက်သေဆုံးမှု မြေပြင်အခြေအနေ အသေးစိတ်ကို မသိရသေးဘူးလို့ ပြောပါတယ်။
ဝါးဘိုးတောစစ်ဆေးရေး ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေသလို ဘားအံ-သထုံကားလမ်းမပေါ်မှာ လမ်းပိတ်ဆို့တာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KNU တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ ရှိတဲ့ စစ်ကောင်စီ ဝါးဘိုးတောစစ်ဆေးရေး ဂိတ်စခန်းဟာ ဘားအံ-သထုံကားလမ်းနဲ့ ဘားအံ ဖာပွန်ကားလမ်းဆုံမှာ တည်ရှိတာပါ။