စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းကို မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) က နှစ်ကြိမ် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အယောက် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၈ ရက် မနေ့ကမနက် ၉ နာရီလောက်မှာ MRDA တပ်ခွဲက ပုလဲမြို့နယ်၊ ဆင်ရှင်နဲ့ ကြောင်သန်းကျေးရွာအကြားမှာ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ၃ ယောက် သေဆုံးခဲ့ပြီး နေ့လယ် ၁ နာရီကနေ ၄ နာရီကြားမှာလည်း အဆိုပါစစ်ကြောင်းကို အရှေ့သီတင်းကျေးရွာနားမှာ နောက်တကြိမ် တိုက်ခိုက်ခဲ့ရာ အယောက် ၃၀ ကျော် ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။
ဒုတိယအကြိမ် ထိတွေ့မှုတိုက်ပွဲတွင်းမှာတော့ MRDA တပ်ခွဲဘက်က နဂါးစစ်သည်တယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် မစိုးရိမ်ရကြောင်းလည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းမှုကို မြန်မာပြည်သူတရပ်လုံးက ဆန့်ကျင်တော်လှန်ခဲ့ကြတဲ့ မြန်မာ့နွေဦးတော်လှန်ရေးဟာ တနှစ်ကျော်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန် စစ်စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်ချုပ်ရေးကို လှည်း နေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက် တင်ဘာ ၇ ရက်မှာ ကြေညာထားခဲ့ပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။
ပုလဲမြို့နယ်မှာ စစ်ကြောင်းတိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရမှုအခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။