Home
ဆောင်းပါး
ဒီတစ်ကြိမ်လည်း ရှုံးပြန်ပြီ
DVB
·
April 17, 2022

မြန်မာ့ရိုးရာပွဲတော်တွေထဲက အစည်ကားဆုံးပွဲတော်ဆိုရင် သင်္ကြန်ပွဲတော်ပဲဖြစ်ပါတယ်။ သင်္ကြန်ပွဲတော်ဟာ လူမျိုး ၊ ဘာသာမရွေး တိုနိုင်ငံလုံး ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြတဲ့ ရေကစားပွဲတော်ဖြစ်ပါတယ်။ သင်္ကြန်ပွဲအပေါ်ဘယ်လောက်အထိ စိတ်ခံစားမှုရှိသလဲဆိုရင် သင်္ကြန်မတိုင်ခင် တလလောက်အလိုကတည်းက  သင်္ကြန်သီချင်းတွေဖွင့်ကြ၊ သင်္ကြန်ပစ္စည်း‌တွေ ရောင်းကြ၊ လေးရက်ပဲ‌ရေကစားလို့ရတဲ့ သင်္ကြန်ပွဲအချိန်ကာလကို မတင်းတိမ်ကြတဲ့အထိပါပဲ။  

အဲဒီလို မြန်မာပြည်သူရပ်လုံး ပျော်ရွှင်ဆင်နွှဲလေ့ရှိကြတဲ့ သင်္ကြန်ပွဲတော်ဟာ ၂၀၂၀ ပြည့်နှစ် ကိုဗစ် ပထမလှိုင်းကစပြီးမကျင်းပဖြစ်တော့ပါဘူး။ အဲ့ဒီနောက်မှာလည်း စစ်အာဏာသိမ်းမှုကြောင့် ၂၀၂၁ ခုနှစ်မှာလည်း ကျင်းပမှုမရှိခဲ့ပါ။ ဒီလို ကိုဗစ်ကတမျိုး စစ်အာဏာသိမ်းတာက တဖုံကြောင့် ပြည်သူ‌တွေဟာ အနည်းနဲ့အများဆိုသလို မွန်းကြပ်လာပါတယ်။ အဲ့ဒီလိုအချိန်မှာ စစ်မိစ္ဆာတွေက ဒီအချက်ကိုအပိုင်ကိုင်ပြီး ပွဲ‌တော်တွေကို အယောင်ပြ နိုင်ငံရေးအရအမြတ်ထုတ်ဖို့ ကြိုးစားလာခဲ့ပါတယ်။ ဒီနှစ်မှာ‌တော့ ပြည်သူတွေအပြတ်ကဲလောက်‌ရောပေါ့ဆိုပြီး သင်္ကြန်ပွဲတော်ကို စည်စည်ကားကားနဲ့ ကျင်းပဖို့အတွက် မတ်လကုန်လောက်ကတည်းက စီစဉ်လာပါတော့တယ်။ 

သင်္ကြန်ပွဲကနေတဆင့် သူတို့ရဲ့ အုပ်ချုပ်မှုတရားဝင်ကြောင်းပြသဖို့ ကြိုးစား‌တော့တာပါပဲ။ အနုပညာရှင်ဆိုသူတွေနဲ့ဖွင့်ပွဲတွေလုပ်တာ၊ ရေလာကစားရင်ပိုက်ဆံဘယ်လောက်ပေးမယ်ဆိုပြီး ထုတ်ပြန်တာစတဲ့ မက်လုံးတွေနဲ့ ဆွဲဆောင်ခဲ့ပါတယ်။ ဒါ့အပြင်သူတို့ဆောက်တဲ့မဏ္ဍပ်‌တွေမှာ ဖျော်ဖြေမပေးရင်အိမ်တွေချိပ်ပိတ်မယ်ဆိုပြီး ခြိမ်းခြောက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။

တခြားတဘက်မှာတော့  တော်လှန်ရေးအင်အားစုတွေက စစ်မိစ္ဆာတွေကျင်းပတဲ့ ဒီနှစ် သင်္ကြန်ပွဲမှာ မပါဝင်ဖို့ ၊ စစ်မိစ္ဆာ‌တွေရဲ့ နိုင်ငံရေးအရအမြတ်ထုတ်တာမခံကြဖို့၊ သင်္ကြန်ကို အပျော်သင်္ကြန်မဟုတ်၊ တော်လှန်သင်္ကြန်လှုပ်ကြဖို့ နှိုးဆော်တိုက်တွန်းခဲ့ကြပါတယ်။ ပြည်သူတွေအနေနဲ့ အထူးသဖြင့် တော်လှန်ဆန့်ကျင်မှု အားနည်းတယ်လို့ဆိုကြတဲ့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေက ပြည်သူတွေကို စစ်မိစ္ဆာတွေရဲ့ သင်္ကြန်ပွဲမှာ ပါဝင်ဆင်နွှဲမှာမလိုလားကြပါဘူး။ ဒီလိုနဲ့ သင်္ကြန်ကျလာခဲ့ပါတယ်။

တကယ်တမ်း  သင်္ကြန်ကျလာတဲ့အခါမှာတော့ စစ်မိစ္ဆာတို့ရဲ့နိုင်ငံရေး အမြတ်ထုတ်မှု အောင်မြင်သလား၊ မအောင်မြင်ဘူးလားဆိုတာ ကွက်ကွက်ကွင်းကွင်းမြင်တွေ့လိုက်ရပါတော့တယ်။ တော်လှန်ခုခံမှုအားကောင်းတဲ့ဒေသတွေမှာ စစ်မိစ္ဆာ‌တွေရဲ့ သင်္ကြန်ပွဲကို ဆန့်ကျင်ကြမယ်ဆိုတာ ကြိုတင်မှန်းဆခဲ့ကြပေမဲ့ ဆိုခဲ့သလိုရန်ကုန်နဲ့ မန္တလေးလို သင်္ကြန်အချိန်တွေမှာ စည်းကားတတ်တဲ့ မြို့တွေမှာ ဘယ်လိုအခြေအနေရှိမလဲဆိုတာကတော့ စိတ်ဝင်စားစရာ‌ကောင်းခဲ့ပါတယ်။ သို့ပေမဲ့ တကယ်တမ်း သင်္ကြန်ကျတဲ့ အခါမှာ‌တော့ အဲ့ဒီ ရန်ကုန်၊မန္တလေးအပြင်သူတို့ အဘ‌တွေရဲ့ အခိုင်အမာနယ်မြေလို့ ဆိုကြတဲ့ နေပြည်တော်မြို့တွေမှာ စည်ကားမှုမရှိတဲ့အပြင် တိတ်ဆိတ်ခြောက်ကပ်နေတာကို မြင်‌တွေ့လိုက်ရပါတော့တယ်။

နေပြည်တော်ကမဏ္ဍပ်တွေမှာဆိုရင်လည်း မဏ္ဍပ်စောင့်စစ်ခွေး၊ ရဲခွေးအင်အားက ရေပက်ခံတဲ့သူတွေထက်တောင် များပြားနေပါသတဲ့။ လုံခြုံရေးအထူးတင်းကျပ်ထားတဲ့ ရန်ကုန်၊ မန္တလေး ဗဟိုမဏ္ဍပ်လိုနေရာတွေမှာလည်း လူအနည်းငယ်ပဲရှိခဲ့ပါတယ်။ အဲ့ဒီလူအနည်းငယ်ဆိုတာကလည်း ဖိအားပေးခေါ်ယူထားတဲ့ စစ်ကျွန်ဝန်ထမ်းတွေ၊ပ ပိုက်ဆံပေးခေါ်ယူထားတဲ့ ကြေးစားတွေနဲ့မဏ္ဍပ်‌စောင့်စစ်ခွေးရဲခွေးတွေသာဖြစ်ပါတယ်။ 

နောက်ပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့အတွက်ငွေ အများကြီးအကုန်အကျခံဆောက်ထားတဲ့ မဏ္ဍပ်ဆိုတာတွေကလည်း လူပြောစရာဖြစ်လာခဲ့ပါတယ် ။ ရေကစားမယ့်မဏ္ဍပ်လား၊ စစ်‌မြေပြင်ကခံတပ်လားဆိုတာမသဲကွဲခဲ့ပါဘူး။ မဏ္ဍပ်ပတ်ဝန်းကျင်တဝိုက် သံဆူးကြိုးခွေတွေ အထပ်ထပ်ချ၊ ဟိုဘက်ဒီဘက်နှစ်ဘက်ပိတ်ပြီး စစ်ခွေး၊ ရဲခွေးအစောင့်တွေနဲ့ သင်္ကြန်ပွဲတော်ကို တင်းတင်းကျပ်ကျပ် ကျင်းပကြတာဖြစ်ပါတယ်။ မဏ္ဍပ်ပေါ်က ဖျော်ဖြေသူတွေကို ကြည့်လိုက်ပြန်တော့လည်း သုသာန်တစပြင်ရောက်နေတာလားအောက်မေ့ ရပါတယ်။ 

စင်ပေါ်ကနေ သူတို့ဆိုချင်ရာဆိုနေပေမဲ့ အောက်ကပရိသတ်တယောက်မှရှိမနေပါဘူး။ ဟိုတုန်းက သင်္ကြန်တွေဆိုတာ စင်အောက်ကပရိသတ်က ရာ​ထောင်မကရှိနေတာဖြစ်ပြီး ရေပက်သူ၊ ရေပက်ခံသူတွေနဲ့ တိုး‌လို့မပေါက်အောင်ဖြစ်ခဲ့တာမျိုးပါ။ တခါ မဏ္ဍပ်ပေါ်မှာ ရေပက်သူဆိုတွေကို ကြည့်လိုက်ပြန်တော့လည်း စည်ပင်က‌လမ်းရေဖြန်းတဲ့ ဝန်ထမ်းတွေခေါ်တင်ထားသလား အောက်မေ့ရတယ်။ ဘာလို့လဲဆိုတော့သူတို့ မဏ္ဍပ်အောက်မှာကြေးစားတွေပါတဲ့ စည်ပင်ကားတချို့ကလွဲရင် ဘယ်ပြည်သူမှ ရေပက်ခံထွက်မလာကြလို့ပါပဲ။ ဒါမို့သူတို့ခမျာ ရေပက်ခံသူမရှိ၊ လမ်းရေဖြန်းသူဘဝကိုရောက်ရှိသွားတော့တာပါ။ ဆိုရရင် သူတို့စစ်မိစ္ဆာ အသိုက်အဝန်းပဲကြည့်ကြတဲ့ မြဝတီ၊ MRTVလို မီဒီညာတွေကတောင် လိမ်ဖို့ အတော်ခက်ခဲသွားမယ့် သင်္ကြန်ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ဟိုးတချိန်ကလူစည်ကားခဲ့ရတဲ့ သင်္ကြန်ပွဲဓာတ်ပုံအဟောင်းတွေကို ပြန်သုံးပြီးထုံးစံအတိုင်းဆက်လိမ်၊ ဆက်ဝါဒဖြန့်ကြတယ်လို့လည်း ပြောကြပါတယ်။

အချုပ်ဆိုရရင် မြန်မာပြည်ကြီးကတော့‌အေးချမ်းသွားပြီ၊ အကြမ်းဖက် PDF တွေမရှိတော့ဘူး၊ ပြည်သူတွေဟာ ကျုပ်တို့အုပ်ချုပ်မှုမှာပျော်ရွှင်နေပါပြီစတဲ့ အတုအယောင်လိမ်ဆင်သတင်းတွေနဲ့ နိုင်ငံရေးအမြတ်ထုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ ပြည်သူတို့ရဲ့ တော်လှန်သင်္ကြန်ကြောင့် စစ်မိစ္ဆာတို့ မရှုမလှဖြစ်ခဲ့ရပါတယ်။ ရှက်တတ်ရင်ကိုယ့်သေနတ်နဲ့ကိုယ်ပြန်ပစ်သတ်ဖို့ ကောင်းလှပါတယ်။ ထီဆိုလည်းထီ၊ ဆယ်တန်းစာ‌မေးပွဲဆိုလည်း စာမေးပွဲမို့ ဘယ်တုန်းကမှ အောင်မြင်မှုမရခဲ့တဲ့ စစ်မိစ္ဆာတွေဟာ ဒီတကြိမ်မှာလည်းပဲ ပြည်သူတွေရဲ့တော်လှန်သင်္ကြန်ကြောင့် ခွက်ခွက်လန်ရှုံးရပြန်ပါပြီ။ ပြည်သူ‌တွေက ငါတို့ဟာ အသံကိုတိတ်၊ အလံမလိပ်ဆိုပြီး စစ်မိစ္ဆာ‌တွေကို သွေးမအေးကြောင်းပြသလိုက်တာပဲဖြစ်ပါတယ်။

လက်ဝဲသုန္ဒရအမတ်ရဲ့ နန္ဒိသေနပျို့ ကဗျာထဲကလို "စွဲကိုင်လက်နက်၊ ဘယ်လိုထက်လည်း၊ ပြည်သူ့နှလုံးမသိမ်းကြုံးလျှင်၊ ပြည်သူ့ခွန်အား မကိုးစားလျှင်၊ ဓားသွားလည်းကြွေ၊ လှံလည်းခွေအံ့" ဆိုသလိုပါပဲ။ ပြည်သူ့နှလုံးမသိမ်းကြုံး​သမျှ၊ ပြည်သူ့အပေါ်ဖိနှိပ်သတ်ဖြတ်ပြီး ပြည်သူကိ စိတ်နာကြဥ်းအောင်ပြုလုပ်နေသမျှကာလပတ်လုံး စစ်မိစ္ဆာတွေရဲ့ ဘယ်လုပ်ဆောင်ချက်မျိုးမဆို ဆက်လက်ရှုံးနိမ့်နေဦးမယ်ဆိုတာကို  ဒီနှစ်ပြည်သူတွေရဲ့ တော်လှန်သင်္ကြန်က သက်သေပြသွားခဲ့တာပဲဖြစ်ပါတယ်။

တင်ဦး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024