စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ မုံရွာ အမှတ် ၂ ရဲစခန်းကို ဧပြီ ၁၆ ရက် မနက်အစောပိုင်း ၁ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က RPG လက်နက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အမှတ် ၂ ရဲစခန်းအနီးဝန်းကျင်နေ ဒေသခံတစ်ဦးက “အသံကအကျယ်ကြီး၊ ပေါက်ကွဲ သံကြားလိုက်ရတာ။ အဲလိုကွဲပြီး လက်နတ်ငယ်အသံတွေ ဆူညံနေတာပဲ။ အဲဒီလို ဆူညံနေတာ နာရီဝက်ကျော်ကျော်လောက်ကြာလိမ့်မယ်ထင်တယ်ဗျ။ အခုမနက်ခင်းအထိ အပြင်မထွက်ရဲ သေးဘူး”လို့ ပြောပါတယ်။
အမှတ် ၂ ရဲစခန်းတိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီတပ်သား ၁၂ ယောက်လောက် သေဆုံးနိုင်တယ်လို့ PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားပေမဲ့ ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးသူ အရေအတွက်ကိုလည်း အတည်မပြုနိုင်သေး ပါဘူး။
မုံရွာမြို့အမှတ် ၂ စခန်းကို မုံရွာခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း - ၂ - ၃ - ၄ ရဲ့ ပြောက်ကျားကွန်မန်ဒိုတပ်ဖွဲ့နဲ့ အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်တပ်ရင်း - ၂ ရဲ့ အထူးကွန်မန်ဒိုတပ်ဖွဲ့ - Monywa The Boys၊ တပ်ခွဲ (၁) - Monywa Ranger group/Truth Army၊ တပ်ခွဲ (၃) - Northwest Plains Revolutionary Forces-NPRF တို့က ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။