သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က ညောင်ဦးမြို့နဲ့ နွားထိုးကြီးမြို့တွေမှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး ပခုက္ကူမြို့မှာလည်း မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံး တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မန္တလေးတိုင်းဒေသကြီး ညောင်ဦးနဲ့ နွားထိုးကြီးမြို့တို့မှာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
"ညောင်ဦးမြို့က ယာဉ်ထိန်းရုံးမှာ ဧပြီ ၁၃ ရက် ညနေ ၅ နာရီခွဲလောက်က လက်လုပ်ဗုံး ပေါက်ကွဲတာ၊ လူထိခိုက်တာတော့ မရှိဘူး" လို့ မြို့ခံတဦးက ပြောပါတယ်။
အလားတူ မြင်းခြံခရိုင် နွားထိုးကြီးမြို့ပေါ်မှာလည်း သင်္ကြန်အကြိုနေ့က နှစ်ကြိမ် ဗုံးသုံးလုံး ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“နေ့လယ် ၃ နာရီလောက်က ဗုံးပေါက်သံ ၂ သံ ကြားရတယ်။ ညနေ ၆ နာရီလောက် ၁ ခါကြားတယ်။ အသံဗုံး ၃ လုံးကွဲတာ။ အိမ်ပြင်မထွက်တော့ နေရာအတိအကျတော့ မသိဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ရှိမရှိ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။
နွားထိုးကြီးမြို့ထဲ ၁၅ မိနစ်အတွင်း ဗုံးခွဲမယ်လို့ နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပို့စ်တင်ပြီး မကြာခင် ဗုံး ၂ လုံး ကွဲတာပါ။
“ဗုံးပေါက်ကွဲပြီးတော့လည်း မိုင်းများစွာ ကျန်သေးတယ်။ မိမိအသက်ကို နှမြောရင် အိမ်ပြင်မထွက်ကြပါနဲ့” လို့ သတိပေးထားပါတယ်။
သင်္ကြန်ကာလအတွင်း ပါဝင်ရေကစားခြင်းမပြုဖို့၊ ဒေသတွင်း mission တွေ ပြုလုပ်သွားမှာဖြစ်လို့ တတ်နိုင်သလောက် အိမ်ထဲမှာပဲနေဖို့ ညောင်ဦးမြို့နယ်နဲ့ နွာထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြည်သူတွေကို အသိပေးစာ ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း ပခုက္ကူမြို့မှာလည်း ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့ မနက်ပိုင်းက ပခုက္ကူမြို့ရဲ့ အရှေ့မြောက် ၃ မိုင်အကွာမှာရှိတဲ့ စက်မှုအထက်တန်းကျောင်းဝန်းရှေ့ ပခုက္ကူ-ရေစကြို ကားလမ်းမ အရှေ့ဘက်မှာ မပေါက်ကွဲသေးတဲ့ မိုင်း ၃ လုံး တွေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"မိုင်းက ဖောက်ခွဲဖို့ ပြင်ထားတာ မဟုတ်ဘူး၊ ထောင်ထားတဲ့အဆင့်ပဲ ရှိသေးတာ၊ မိုင်းက အသက်မသွင်းရသေးဘူး။ ဖောက်ဖို့ဆို သူတို့လွယ်လွယ် သိမ်းနိုင်မှာမဟုတ်ဘူး” လို့ ဒေသခံတဦးက ပြောပါတယ်။
ပခုက္ကူ-ရေစကြိုကားလမ်း မြို့သစ်မြို့ရှောင်လမ်းဆုံမှာ သင်္ကြန်အကြိုနေ့က ဒေသခံမဟာမိတ် PDF ပူးပေါင်းတပ်နဲ့ ပျူစောထီးတို့ တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ သိရပါတယ်။
"ဒေသခံ PDF အဖွဲ့က မိုင်းထောင်ဖို့သွားတာ၊ ပျူစောထီး အယောက် ၂၀ လောက်နဲ့ ကင်းပတ်တာနဲ့ ကြုံတာ၊ ၅ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ကြတယ်” လို့ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ပျူစောထီးအဖွဲ့နဲ့ ဒေသခံမဟာမိတ် PDF ပူးပေါင်းတပ်တို့ ပစ်ခတ်မှုဖြစ်ရာမှာ ပျူစောထီးဘက်က ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မပေါက်ကွဲသေးတဲ့ မိုင်းတွေက ဖောက်ခွဲဖို့ ပြင်ထားတဲ့ဟာတွေ မဟုတ်ဘဲ ထောင်ထားတဲ့အဆင့်မှာသာ ရှိသေးတာကြောင့် စစ်ကောင်စီတပ်က မိုင်း ၃ လုံးကို သိမ်းသွားတယ်လို့ ဆိုပါတယ်။