Home
မြန်မာသတင်း
ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင်လာသည့် မြန်မာ ၂၁ ဦး ဖမ်းဆီးခံရ
DVB
·
April 13, 2022

ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ကို နိုင်ငံတောင်ပိုင်း ဆုန်ခလာခရိုင်ထဲမှာ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဧပြီ ၁၂ ရက်မှာ ဖမ်းဆီးခဲ့တယ်လို့ ဗိုလ်မှူးကြီး ပရာဆန်ဆက်က ပြောတဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

တိုင်း ၆ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က အာရှလမ်းမကြီးပေါ်မှာ ပစ်ကပ်ကားတစီးကို အသွင်ယူ ကြားဖြတ်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဖမ်းမိသူတွေထဲ အမျိုးသား ၁၈ ယောက်နဲ့ အမျိုးသမီး ၃ ယောက် ပါဝင်တယ်လို့ ဆိုပါတယ်။

သူတို့နဲ့အတူ အသက် ၂၃ နှစ်အရွယ် ထိုင်းအမျိုးသား ယာဉ်မောင်းတယောက်ကိုပါ ဖမ်းမိခဲ့တာဖြစ်ပြီး သူ့ရဲ့ သတင်းပေးမှုနဲ့အတူ ကွင်းဆက်အနေနဲ့ နောက်ထပ် ထိုင်းလူမျိုး ယာဉ်မောင်းတယောက်ကိုပါ ထပ်မံဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

ရဲတွေက သူတို့ ၂ ယောက်ကို စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ကို အမျိုးသားတယောက်က ဘတ် ၁၀,၀၀၀ စီနဲ့ မြန်မာတွေကို မလေးရှားနယ်စပ်ထိ ပို့ဆောင်ပေးဖို့ ငှားရမ်းခဲ့တာလို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာ ၂၁ ယောက်ကတော့ သူတို့ဟာ ရန်ကုန်၊ မြဝတီ၊ မော်လမြိုင် စတဲ့ မြို့တွေအသီးသီးကနေ ထိုင်းနိုင်ငံ ပရာချွတ်ခီရိခန်ဒေသတွင်း တောလမ်းကတဆင့် ဝင်ရောက်လာခဲ့ပြီး အဲဒီကတဆင့် ဆုန်ခလာခရိုင်နယ်စပ်ထိ သွားရောက်ကာ မလေးရှားနိုင်ငံဆီ နယ်စပ်ဖြတ်ကျော် အလုပ်လုပ်ကိုင်ဖို့ သွားရောက်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ဟာ တယောက်ကို ပွဲစားခ ဘတ် ၄၀,၀၀၀ စီနဲ့ ခုလိုလာရောက်ခဲ့တာဖြစ်ပြီး တဝက်ကို အရင်ပေးချေထားကာ ကျန်တဝက်ကို မလေးရှားနိုင်ငံက အလုပ်နေရာတွေဆီရောက်မှ ပေးချေဖို့ သဘောတူညီခဲ့ကြတယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူတို့ကို ဥပဒေအရ လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နေပြီး နေရပ်ပြန်ပို့နိုင်ရေး စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ကာ ဒီဖြစ်စဉ်နောက်ကွယ်က တရားခံတွေကိုလည်း ထိုင်းရဲတပ်ဖွဲ့က ဆက်လက် စုံစမ်းရှာဖွေနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းထားလို့ ပြည်သူတွေ အသက်နဲ့ စည်းစိမ်ဥစ္စာ လုံခြုံမှုမရှိ၊ စီးပွားရေး အကျပ်အတည်းတွေ့ပြီး နိုင်ငံသားတွေဟာ ထိုင်းဘက်ကို အလုပ်လုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာရာမှာ နေ့စဉ်လိုလို အဖမ်းခံရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024