စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းရပ်ကွက်နေ လူငယ် ၁ ယောက်ကို စစ်ကောင်စီတပ်က လူမှားပစ်ခတ်၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး အလောင်းလာယူဖို့ ဆက်သွယ်လာတယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတဦးက ပြောပါတယ်။
နယ်မြေ ၁၀ မှာ နေထိုင်တဲ့ ဦးကျင့်ဇာလျန်းနဲ့ ဒေါ်ဒွန်ဆွင်မန်းတို့ရဲ့သား ကိုလျန်ခေါ်ရှမ်းဟာ ဧပြီ ၈ ရက်ညနေပိုင်းက ဆိုင်ကယ်နဲ့ သူ့အမေအတွက်လိုအပ်တဲ့ ဆေးသွားဝယ်သွားရာ အပြန်လမ်းမှာ တာဟန်းရပ်ကွက် နေကြာ တိုက်လမ်းကြားမှာ စစ်ကောင်စီနဲ့ PDF တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီ ဘက်က လူမှားပြီးပစ်ခတ်ခံခဲ့ရတယ်လို့သိရပါတယ်။
တိုက်ပွဲအနီးက ဒေသခံတစ်ဦးက "သေနတ်နဲ့ပစ်ခတ်တုန်းက ခြေသလုံးမှန်ပြီး ဆိုင်ကယ်လဲကျသွားတာတော့မြင်လိုက်တယ်။ ကျမတို့လည်း ကြောက်လို့မကြည့်ရဲဘူး။ အိမ်ရှေ့မှန်တံခါးကနေ ချောင်းကြည့်လိုက်တာ"လို့ ပြောပါတယ်။
ဧပြီ ၉ ရက်မှာတော့ ဒေသတွင်းသတင်းဌာနမှာ လူပျောက်ကြော်ငြာခဲ့ပြီးနောက် ဧပြီ ၁၀ ရက်မှာတော့ စစ်ကောင်စီဘက်က ကိုလျန်ခေါ်ရှမ်းရဲ့မိသားစုဝင်တစ်ဦးဆီး ဖုန်းဆက်သွယ်ခဲ့ပြီး ကလေးမြို့ ကုတင် ၁၀၀ ဆံ့ တပ်မတော်စစ်ဆေးရုံက ရင်ခွဲရုံမှာ အလောင်းလာထုတ်ဖို့ ဆက်သွယ်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူတစ်ဦးက ပြောပါတယ်။
အလောင်းသွားရောက်သယ်ဆောင်သူက "ကိုလျန်ခေါ်ရှမ်းရဲ့အလောင်းဟာ ခြေသလုံးမှာ ကျည်ထိဒဏ်ရာရရှိပြီး မျက်နှာ၊ကိုယ်တွေ ဖူးရောင်နေတယ်။ သူ့ရဲ့အဖေကိုယ်တိုင်တောင် သားရဲ့ရုပ်အလောင်းကို ရုတ်တရက် မမှတ်မိနိုင်အောင် မျက်နှာရုပ်ပျက်နေတယ်"လို့ ပြောပါတယ်။
ကိုလျန်ခေါ်ရှမ်းသေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သူ့တို့ကိုမလေးမခန့်လုပ်လို့ သတ်ဖြတ်တာလို့ သူ့မိသားစုဝင်တွေကို ပြောခဲ့တယ်လို့ဆိုပါတယ်။
ကိုလျန်ခေါ်ရှမ်းဟာ ဗမာစကားနားမလည်သလို ဗမာစကားမပြောတတ်တဲ့ သူတစ်ဦး ဖြစ်ပြီး ဒါကို သူတို့မေးမြန်းတာ မဖြေကြားလို့အခုလို နှိပ်စက်သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ မိသားစုနဲ့နီးစပ်တဲ့သူက ပြောပါတယ်။
ကိုလျန်ခေါ်ရှမ်းတို့ မိသားစုဟာ တီးတိန်မြို့ဆဲဇန်ရွာကနေ ကလေးမြို့တာဟန်း ရပ်ကွက်ကို ပြောင်းလာတာ ၁ လကျော်ကျော်ပဲ ကြာပါသေးတယ်လို့ မိသားစုဝင်တွေထံက သိရပါတယ်။