ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ အခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားနေပြီး ကရင်နီ ပူးပေါင်းတပ်ဘက်က ၆ ဦးကျဆုံး၊ ၁၃ ဦးဒဏ်ရာရတယ်လို့ KNDF တပ်ဖွဲ့ထံက သိရပါတယ်။
ဒီးမော့ဆိုမြို့နယ်က အဓိက စစ်ကောင်စီတပ်ရှိတဲ့ နေရာတွေကို ကရင်နီပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာက နှစ်ဘက် တိုက်ပွဲတွေဖြစ်ပွားနေတာပါ။
လွိုင်ကော်မြို့ကနေ ဒီးမော့ဆိုဘက်ကို လက်နက်ကြီး ၁၂၀-မမ တွေနဲ့ လှမ်းပြီး ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနေတာလို့ KNDF ပြောခွင့်ရသူက ပြောပါတယ်။
“အဓိကဖြစ်တာကတော့ ဒီးမော့ဆိုမှာပဲ။ ဖရူဆိုမှာလည်း ဖြစ်တယ်။ ဒါပေမဲ့ အဓိက ဒီးမော့ဆိုပေါ့ လေ။ ၆ ယောက် ကျတယ်။ ၁၃ ယောက် ဒဏ်ရာရတယ်။ ဒါက KA နဲ့ KNDF ပဲ။ KA တော့ ကျသွားတဲ့အထဲမှာ မပါဘူး။ ကျနော် သိရသလောက်တော့ ရင်း ၉ ၊ ရင်း ၂ ၊ ရင်း ၁ ကလူတွေ ကျတယ်။ ဒဏ်ရာရတော့ KA တို့ KNDF တို့လည်း ရတာပေါ့။ ”
မတ်လ ၉ ရက်တုန်းကလည်း KNDF တပ်ရင်း ၁၀ က တပ်စုမှူး ရဲဘောသျှားရယ်ဟာ စစ်ကောင်စီရဲ့ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရခဲ့ပြီး မနေ့ မတ်လ ၁၀ ရက်မှာ ကျဆုံးသွားခဲ့ရကြေင်း တပ်ရင်း ၁၀ က သတင်းထုတ်ပြန်ထားပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခု ဖေဖော်ဝါရီ ၁ ရက်မှ အခု ၂၀၂၀ မတ်လ ၃၁ ရက်အထိ ကရင်နီပြည်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်း ကျဆုံးသွားရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးမှာ အာဇာနည်ရဲဘော် ၁၀၁ ဦး ရှိတယ်လို့ တိုးတက်သော ကရင်နီ ပြည်သူအင်အားစုက သတင်းထုတ်ပြန်ထားပါတယ်။