မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့ကနေ ဘန်ကောက်ကိုသွားတဲ့ အာလူးကုန်တင်ကားပေါ် လိုက်ပါလာတဲ့ တရားမဝင် မြန်မာအလုပ်သမား ၇ ဦး ဒီနေ့မနက်ပိုင်းအစောပိုင်းက ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေဟာ မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မှတဆင့် လူကုန်ကူးသူနဲ့ ချိတ်ဆက်ပြီး ဘန်ကောက်မြို့မှာ အလုပ်လုပ်ဖို့ သွားရောက်စဉ် မဲဆောက်မြို့အထွက် နှစ်မိုင်လောက်အကွာက ထိုင်းစစ်ဆေးရေးစုပေါင်းဂိတ်မှာ ထိုင်းတာဝန်ရှိသူတွေက ဖမ်းဆီးခဲ့တာလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မိုးကာနဲ့ အလုံပိတ်ထားတဲ့ အာလူးတင်ကားအား ထိုင်းလုံခြုံရေးတွေက စစ်ဆေးရာမှ တရားမဝင် မြန်မာအလုပ်သမား ၇ ဦးကို ထိုင်းယာဉ်မောင်း ၁ ဦးနဲ့အတူ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၇ ဦးကို ထိုင်းနိုင်ငံတရားဥပဒေအတိုင်း အရေးယူသွားမယ်လို့ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် တာ့ခ်ခရိုင်အတွင်း မဲဆောက်အပါအဝင် မြို့နယ် ၅ ခုမှာ တရားမဝင် မြန်မာရွှေပြောင်းအလုပ်သမားတွေကို ထိုင်းလုံခြုံရေးတွေက မကြာခဏ ဖမ်းဆီးမိနေတာလည်း ဖြစ်ပါတယ်။