ကချင်ပြည်နယ် ပူတာအိုမြို့ ဆာရ်ခွမ်ဒမ်းကျေးရွာမှာ ဧပြီ ၉ ရက် ညနေပိုင်းက မှိုချက်စားရာမှ သားအမိ ၃ ဦးအဆိပ်သင့်ခဲ့ပြီး ၇ နှစ်အရွယ်သမီး ဒီနေ့မနက် သေဆုံးသွားတယ်လို့ ကျေးရွာဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
“ဆာရ်ခွမ်ဒမ်း (အ.လ.က) ကျောင်းခွဲမှာ တာ၀န်ထမ်းဆောင်နေတဲ့ ဆရာမ ဒေါ်ခင်ဌေးကြွယ် တို့သားအမိ ၃ ယောက်လုံး အဆိပ်မှိုစားမိပြီး အရေးပေါ် ဆေးရုံတင်ခဲ့တာ။ သားနဲ့သမီးမှာ အောက်ဆီဂျင်ရှူထားရပြီး သမီးလေးက ဒီနေ့ မနက်ပိုင်းမှာ ဆုံးသွားတယ်။ ကလေးနှစ်ယောက်က မိုကို ဆာရ်ခွမ်ဒမ်းကျောင်းဝင်းနားက ခူးပြီး စာချင်တယ်ဆိုလို့ သူ့အမေက ချက်ပေးခဲ့တာ ဟုတ်တယ်။ မှိုအဆိပ် ရှိ၊ မရှိ စားလို့မရတာ သူ့အမေကလည်း မသိဘူး။”
မှိုအဆိပ်သင့်မှုကြောင့် ဆရာမ ဒေါ်ခင်ဌေးကြွယ်ဟာ အော့အန်တာလောက်ပဲ ဖြစ်ပြီး သားဖြစ်သူကတော့ အောက်ဆီဂျင်ဆက်ပေးထားရတယ်လို့ ဆိုပါတယ်။
ဆရာမရဲ့ ခင်ပွန်းဖြစ်သူကတော့ မစားမိတာကြောင့် ဘာမှမဖြစ်ခဲ့ဘဲ အိမ်မှာမွေးထားတဲ့ ခွေးကိုလည်း ကျွေးခဲ့မိပြီး သွေးအန်တယ်လို့ ဒေသခံက ပြောပါတယ်။
ပူတာအိုမြို့မှာ ဒီတပတ်အတွင်း အချိန်အခါမဟုတ် ပေါက်တဲ့မှိုတွေ စားရာကနေ အဆိပ်သင့် သေဆုံးတာ အခုကလေးငယ်အပါအဝင် ကလေး ၂ ဦးနဲ့ လူကြီး ၁ ဦး စုစုပေါင်း ၃ ဦးရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။
ပူတာအိုမြို့ရှိ တာ၀န်ရှိသူတဦးက “ဒီကြားထဲ ပေါက်တဲ့မှို ၅ လထိက မစားတာအကောင်းဆုံးပဲ။ မိဘတွေလည်း မိမိကလေးများကို သတိထားဂရုစိုက်ဖို့” တိုက်တွန်းထားပါတယ်။