စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်တပ်ထုတ်ကုန်များရောင်းချတဲ့ ဆိုင်တွေ ဧပြီ ၁၀ ရက်ကနေ ဧပြီ ၁၇ ရက်နေ့အထိ နောက်ဆုံးထား ရောင်းချကြဖို့နဲ့ အဲဒီနောက်ပိုင်း ရောင်းချတဲ့ဆိုင်တွေကို ပြင်းပြင်းထန်ထန်အရေးယူသွားမယ်လို့ ပုလဲဂျော်ကာအဖွဲ့က သတိပေးလိုက်ပါတယ်။
ပုလဲဂျော်ကာအဖွဲ့တာဝန်ရှိသူ ဗိုလ်ပုလဲက “ဒါမျိုးရောင်းချနေတာဟာ စစ်တပ်ကို တဖက်တလမ်းက ကျည်ဖိုး ဖြည့်ပေးနေတာပဲဗျ။ နောက်တခုက စစ်တပ်ကို ဝင်ငွေရှာပေးနေတာဟာ ကျနော်တို့ ဒီမိုကဒေစီလိုချင်နေတဲ့ ပြည်သူတွေကို သစ္စာဖောက်တာလို့ တောင် ပြောလို့ရတယ်ဗျ။ ကျနော်တို့က ဒီစစ်တပ်ထုတ်ကုန်တွေ ရောင်းတဲ့ဆိုင်တွေကို ဧပြီ ၁၇ ရက်နေ့ နောက်ပိုင်းရောင်းတာတွေကိုတော့ ပြင်းပြင်းထန်ထန်အရေးယူတာတွေ ပြုလုပ်သွားမယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်းမှာ တားမြစ်ထားတဲ့ စစ်တပ်ထုတ်ကုန် အဖျော်ယမကာနဲ့ ဘီယာတွေကို ဆိုင်အချို့မှာ ခိုးရောင်းချနေတယ်ဆိုပြီး သတင်းရတာကြောင့် အခုလို ကန့်သတ်ချက်ထုတ်တာ ဖြစ်နိုင်တယ်လို့ ပုလဲဒေသခံတွေက ပြောပါတယ်။
ကုန်စုံဆိုက်ပိုင်ရှင်တဦးက “ကျမတို့ စစ်တပ်ထုတ်ကုန်ကို မရောင်းရလို့ ထမင်းငတ် အသေခံရမယ်ဆိုလည်း အသေခံလိုက်မယ်။ ဘယ်တော့မှ မရောင်းဘူး။ အခုလို တင်းတင်းကျပ်ကျပ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ လုပ်တာကို ကြိုဆိုပါတယ်။ ကျမဆိုင်ကတော့ မင်းအောင်လှိုင် အာဏာသိမ်းပြီးကတည်းက မရောင်းတော့တာ။ အခုလို မရောင်းရလို့ ထူးပြီး နစ်နာစရာ အကြောင်းမရှိဘူး။ အခြားစစ်တပ်ထုတ်ကုန်မဟုတ်တဲ့ဟာ ရောင်းပြီး စီးပွားရှာမယ်” လို့ ပြောပါတယ်။
ပုလဲမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေဟာ စစ်ကောင်စီတပ်တွေကို ရရာလက်နက်နဲ့ တော်လှန်နေကြတာလည်း ဖြစ်ပါတယ်။