ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းလျှံကျေးရွာအနီးက ကျောက်စိမ်းလုပ်ကွက်မှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးနားမှာရှိတဲ့ ရေမဆေးကျောက်ရှာဖွေသူ ၆ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးနေတဲ့ လူမှုရေးအသင်းက ပြောပါတယ်။
ဧပြီ ၇ ရက် ည ၈ နာရီက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရရှိသူတွေကို ဖားကန့်မြို့က မြဝတ်ရည်ကိုယ်ပိုင်ဆေးရုံမှာ တင်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ ပေါက်ကွဲမှုဟာ ကျောက်မိုင်းခွဲမှုကြောင့် ပေါက်ကွဲတာလား ဗုံး ဒါမှမဟုတ် မိုင်းကွဲလို့ ပေါက်ကွဲခဲ့တာလား ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အခင်းဖြစ်ပွားရာ အနီးနားမှာရှိသူ တချို့က ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ကုမ္ပဏီဟာ စိမ်းရွှေဝင်းကုမ္ပဏီဖြစ်ပြီး လူနာတွေရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး သိရှိနိုင်ဖို့ ပုဂ္ဂလိကဆေးရုံကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
မော်လူး-မော်ဟန်ဒေသ အပါအဝင် ဖားကန့်ရတနာနယ်မြေကို ကျောက်စိမ်းအရိုင်း တူးဖော်တာတွေ မပြုလုပ်ဖို့ ဧပြီ ၁ ရက်က အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ သယံဇာတဌာနက အမိန့်ထုတ်ပြန်ထားပေမဲ့ နယ်မြေခံတပ်မ၊ ကေအိုင်အေတို့နဲ့ ပူးပေါင်းပြီး ကျောက်စိမ်းတူးဖော်တာတွေကို နေရာအနှံ့ ဆက်လက်လုပ်နေဆဲပဲလို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။
ဖားကန့်ရတနာနယ်မြေမှာ တရားမဝင် ကျောက်စိမ်းတူးဖော်တာတွေကို နေရာအများအပြားမှာ ပြုလုပ်နေတဲ့အတွက် လူအစုလိုက် သေဆုံးမှုတွေ ရှိနေဆဲဖြစ်သလို အာဏာသိမ်း စစ်ကောင်စီကလည်း တရားမဝင် ကျောက်စိမ်းတူးဖော်တာတွေကို တားဆီးနိုင်တာ မရှိသေးပါဘူး။