ချင်းပြည်နယ် မတူပီမြို့နယ်မှာ ဧပြီ ၇ ရက်နေ့ မနက်ပိုင်းက မတူပီ CDF နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မကွေးတိုင်း ကျောက်ထုမြို့ဘက်ကနေ ချင်းပြည်နယ် မတူပီမြို့ဘက်ကို အင်အားဖြည့်တင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ CDF မတူပီတို့ ဒီကနေ့မနက် ၇ နာရီလောက်က မတူပီမြို့နဲ့ ၁၅ မိုင်အကွာမှာ ၁ နာရီကြာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိပြီး CDF မတူပီက ရဲဘော်တွေ အထိအခိုက် အကျအဆုံး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
မတူပီအခြေစိုက် စစ်ကောင်စီတပ်စခန်းတွေကလည်း မတူပီ-မင်းတပ် ကားလမ်းပေါ်က ချန်းပြန်းရွာဘက်ကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြတယ်လို့ ပြောပါတယ်။
အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီတပ်သားတွေကို သွားကြိုတဲ့ မတူပီအခြေစိုက်တပ်ရင်းက စစ်ကောင်စီတပ်သားတွေဟာ မနေ့ မွန်းတည့် ၁၂ နာရီလောက်ကလည်း နေရာ ၄ ခုက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ရမ်တိန်းကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။
စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာလို့ ရမ်တိမ်းကျေးရွာ အပါအဝင် လမ်းတလျှောက်မှာရှိတဲ့ ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာ တောတွေထဲကို ထွက်ပြေးပြီး ပုန်းခိုနေကြရတယ်လို့ ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။