စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရွာနန်းရွာကို စစ်ကောင်စီတပ်ဖွဲ့က ဒီနေ့ ဧပြီ ၇ ရက်နေ့ မနက် ၅ နာရီအချိန်မှာ မီးရှို့ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ဒေသခံအမျိုးသမီးတဦးက "သူတို့က ကျမတို့ရွာကို မနက်အစောကြီး ၂ နာရီလောက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်လာကြတယ်။ သူတို့လာတော့ ရွာကလူတွေ အကုန်ထွက်ပြေးရတယ်။ သူတို့ဝင်လာပြီးတော့ မနက် ၅ နာရီလောက်ရောက်တော့ ရွာကို မီးရှို့တော့တာပဲ။ ဘာကြောင့် အခုလို ရွာကိုမီးရှို့တာလဲဆိုတော့ တိုက်ပွဲလည်းမဖြစ်ဘူး၊ သူတို့ ကျမတို့ အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်စေချင်တဲ့သဘောနဲ့ မီးရှို့တာ။ အခုလို စစ်တပ်က မီးရှို့လို့ ရွာသားတွေနဲ့ တိရစ္ဆာန်တွေ အထိအခိုက် အသေအပျောက် ရှိနိုင်ပါတယ်ရှင့်။သူတို့ဝင်လာတဲ့အချိန်ကလည်း ည ၂ နာရီအချိန်ဆိုတော့ လူတွေ အိပ်ကောင်းနေတဲ့အချိန်ကြီး ဝင်လာတယ်။ ပြေးတဲ့သူလည်း ပြေး၊ မပြေးနိုင်တဲ့သူတွေလည်း ပိတ်မိနေခဲ့တယ်။ မီးလောင်ဆုံးရှုံးတာက ရွာလုံးကျွတ် ဖြစ်ဖို့များမယ်။ အတိကျတော့ သူတို့တွေက အခုအချိန်အထိ ရွာထဲက မထွက်သေးဘူး။ ဘယ်သူမှလည်း မီးငြှိမ်းမသွားရဲဘူး" လို့ ပြောပါတယ်။
အခု စစ်ကောင်စီက မီးရှို့နေတဲ့ ဝက်လက်မြို့နယ် ရွာနန်းရွာဟာ အိမ်ခြေ ၇၀၀ ကျော်ရှိပြီး ဝက်လက်မြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ကျေးရွာတရွာလည်း ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အခုလို ဥပဒေမဲ့ ကျေးရွာတွေကို မီးရှို့တာတွေ လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီက အင်တာနက်တွေ ဖြတ်တောက်ထားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ဝက်လက်မြို့နယ်ထဲက တောင်ကုန်းကျေးရွာမှာ နေအိမ် အလုံး ၁၃၀ လောက် မီးလောင်ဆုံးရှုံးခဲ့ပါတယ်။