Home
ဆောင်းပါး
ပူတင် (သို့မဟုတ်) အမေရိကန်၏ စစ်လက်နက်များ ရောင်းပေးသည့် Free Agent တဦး
DVB
·
April 7, 2022

ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေး ဆင်နွှဲဖို့ဆိုပြီး  ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ရုရှားတပ်တွေကို အမိန့်ပေးပြီးနောက် အမေရိကန်နိုင်ငံရဲ့ စစ်လက်နက်ထုတ်လုပ်မှုဆိုင်ရာ နည်းပညာကုမ္ပဏီတွေရဲ့ အစုရှယ်ယာတန်ဖိုးတွေဟာ ‌ထောင်တက်လာပါတယ်။ အမေရိကန်အခြေစိုက် Lexington Research Institute ရဲ့ စီအီးအို  Loren Thompson ကတော့ “ကျနော်တို့ရဲ့နေ့ရက်ကောင်းတွေ ပြန်ရောက်လို့လာပါပြီ” လို့တောင် ကြွေးကြော်ခဲ့ပါတယ်။ Mr. Thompson က ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဥရောပနဲ့ အမေရိကန် မဟာမိတ်နိုင်ငံတွေဟာ စစ်လက်နက်အင်အား ပိုမိုဖြည့်တင်းလာကြတယ်လို့ ဆိုပါတယ်။

Politico သတင်းဌာနရဲ့အဆိုအရ Lockheed Martin ရဲ့ စတော့တန်ဖိုးဟာ ဒီနှစ်အစပိုင်းမှာ ၂၈ ရာခိုင်နှုန်းထိ ထောင်တက်ခဲ့ပြီး ရှယ်ယာတစုကို ၃၅၄ ဒေါ်လာကနေ ၄၅၃ ဒေါ်လာထိ ရောင်းချနေရပါတယ်။ Raytheon Technologies ရဲ့ စတော့တန်ဖိုးဟာ မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀ ရာခိုင်နှုန်း၊ Northrop Grumman ရဲ့ စတော့တန်ဖိုးဟာ ၂၇ ရာခိုင်နှုန်း အသီးသီး တိုးတက်လာတာကို တွေ့ရပါတယ်။ မတ်လ ၇ ရက် စာရင်းများအရ အမေရိကန်အပါအဝင် NATO အဖွဲ့ဝင်နိုင်ငံတွေဟာ တင့်ကားဖျက် ဂျက်ဗလင် ၁၇၀၀၀၊ လေယာဉ်ပစ် စက်တင်ဂါ အလက်၂၀၀၀ ကို ယူကရိန်းနိုင်ငံကို နှစ်ပတ်အတွင်း ထောက်ပံ့ကူညီခဲ့ပါတယ်။ အမေရိကန် လွှတ်တော်နဲ့ ပင်တဂွန်ကတော့ အ‌ရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံဖိုးအပြင် ဂျက်ဗလင်နဲ့ စက်တင်ဂါ ထုတ်လုပ်မှုကို ပိုမိုတိုးမြှင့်ဖို့ တွန်းအားပေးလျက်ရှိကြောင်း Político သတင်းဌာနက ဖော်ပြထားပါတယ်၊

အမေရိကန် စစ်လက်နက်ဝန်ဆောင်မှုဆိုင်ရာ ကော်မတီရဲ့ ဥက္ကဋ္ဌ Jack Reed ကတော့ အမေရိကန် နိုင်ငံသားတွေအနေနဲ့ စစ်လက်နက်ထုတ်လုပ်မှုဆိုင်ရာကုမ္ပဏီတွေမှာ ပိုမိုရင်းနှီးမြှုပ်နှံကြဖို့ ဖိတ်ခေါ်ထားပါတယ်။ ရုရှား-ယူကရိန်း အရေးကြောင့် အကျိုးအမြတ်ရနေသူတွေဟာ အမေရိကန် စစ်လက်နက်ကုမ္ပဏီတွေပဲ မကသေးပါဘူး၊ အမေရိကန် လွှတ်တော်အမတ်တွေလည်း ပါဝင်ပါသေးတယ်။ ဂျက်ဗလင်နဲ့ စက်တင်ဂါတွေထုတ်လုပ်နေတဲ့ Lockheed Martin နဲ့ Raytheon ကုမ္ပဏီတွေဟာ အမေရိကန်လွှတ်တော်အမတ် အနည်းဆုံး ၁၉ ယောက်ရဲ့ ရှယ်ယာ ပါဝင်ထားတယ်လို့ Business Insider သတင်းဌာနက ဆိုပါတယ်။

ဂျော်ဂျီယာပြည်နယ်၊ ရီပတ်ဘလစ်ကန် လွှတ်တော်အမတ် Marjorie Taylor က ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ Lockheed Martin ရဲ့ ရှယ်ယာတွေကို ဝယ်ယူခဲ့သူဖြစ်ပြီး နောက် ၂ ရက်အကြာ၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို စစ်ကြေညာခဲ့ပါတယ်။ “စစ်ပွဲဆိုတာ တကယ့် စီးပွားရေးခွင်ကြီးတခုပဲဗျ” ဆိုပြီးတော့ အဆိုပါအမတ်က တွစ်တာပေါ်မှာတောင် တင်ခဲ့ပါသေးတယ်။

ရုရှား-ယူကရိန်း စစ်ပွဲဖြစ်နေချိန်မှာ ကနေဒါနိုင်ငံဟာ Lockheed Martin ကုမ္ပဏီထုတ် F-35 Multirole ဖိုက်တာဂျက်လေယာဉ် ၈၈ စင်း ဝယ်ယူမယ်လို့ မတ်လ ၂၈ ရက်မှာ တရားဝင် ကြေညာခဲ့ပါတယ်။ ဂျာမနီအစိုးရကလည်း F-35 Multirole ဖိုက်တာဂျက်လေယာဉ် ၃၅ စီး ဝယ်ယူမယ်လို့ မတ်လ ၁၄ ရက်က ကြေညာခဲ့ပါသေးတယ်။ ဂျာမနီလေတပ်ရဲ့ ကွပ်ကဲရေးမှူး ဗိုလ်ချုပ် Ingo Gerhartz ကတော့ “ပူတင်ကို ရင်ဆိုင်ဖို့ဆိုရင် F-35 ဖိုက်တာဂျက်လေယာဉ်က အကောင်းမွန်ဆုံး ရွေးချယ်မှုပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။ 

Aero Dynamics Consulting Firm ရဲ့ အထွေထွေ ဒါရိုက်တာ Richard Aboulafia က Politico သတင်းဌာနနဲ့ အင်တာဗျူးမှာ “ပူတင်ဟာ F-35 တွေ ရောင်းကောင်းအောင် လုပ်ခဲ့တဲ့ Salesman တယောက်ဗျ၊ Lockheed Martin မှာ သူ့လောက်တော်တဲ့ Salesman ရှိမှာတောင် မဟုတ်တော့ဘူး” လို့ အရွှန်းဖောက်ခဲ့ပါတယ်။

Lockheed Martin ဟာ အခုလတ်တလောထုတ်လုပ်မှုအနေနဲ့ F-35 အစီးရေ ၁၅၆ စီး ကို တနှစ်အတွင်း ထုတ်လုပ်ခဲ့ပြီး၊ နောက်နှစ်ကစ တနှစ်ကို အနည်းဆုံး အစီးရေ ၂၀၀ ထုတ်လုပ်ရပါတော့မယ်။ ဒါဟာ F-35 အော်ဒါတင်ထားတဲ့ ပမာဏ အရမ်းများလွန်းနေတာကြောင့် တနှစ်အတွင်း ထုတ်လုပ်မှု အရေအတွက်ကို ပိုမိုမြှင့်တင်ရတော့မှာဖြစ်ပါတယ်။

ဖိုက်တာဂျက်လေယာဉ်စျေးကွက် တင်မကပါဘူး၊ ဒရုန်းစျေးကွက်မှာလည်း ရုရှား-ယူကရိန်း အရေးကြောင့် လှုပ်လှုပ်သဲသဲ ဖြစ်နေပါတယ်။ စစ်လက်နက်ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီတခုဖြစ်တဲ့ Dedrone Company ရဲ့ စီအီးအို Aaditya Devarakonda ရဲ့ ပြောစကားအရ ကမ္ဘာ့စက်မှုအင်အားကြီး ၇ နိုင်ငံ (G7) မှာ ၄ နိုင်ငံက Dedrone ရဲ့ ‌ဖောက်သည်နိုင်ငံတွေ ဖြစ်တယ်လို့ သိရပါတယ်။ Dedrone ဆီကို ဒရုန်းအော်ဒါမှာတဲ့ အရေအတွက်က ရုရှား-ယူကရိန်း စစ်ပွဲစတင်ပြီးနောက်ပိုင်း ၅ ဆထိ ခုန်တက်လာကြောင်း၊ Dedrone အနေနဲ့ တပြိုင်နက်တည်း အော်ဒါတွေ ပြုံကျနေခြင်းများရှိကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဒရုန်းစစ်လက်နက် ဖြည့်တင်းမှုကို အများအပြားဆောင်ရွက်နေပြီး အရင်က ဒါမျိုးမရှိခဲ့ကြောင်း သူက ပြောပါတယ်။ “နေတိုးနိုင်ငံတွေဟာ ကာကွယ်ရေးဆိုင်ရာ စစ်လက်နက်ဖြည့်တင်းမှုတွေမှာ အကောင်းဆုံးဆိုတာတွေကို သေချာရွေးချယ်ပြီး ပြင်ဆင်နေကြတာဗျ” လို့ သူက ပြောပါတယ်။

Lockheed Martin ရဲ့  စီအီးအို James Taiclet ကတော့ ယူကရိန်း-ရုရှား စစ်ပွဲရဲ့ သက်ရောက်မှုတခုအနေနဲ့ ကမ္ဘာ့နိုင်ငံအများအပြားဟာ စစ်လက်နက်နဲ့ နည်းပညာရပ်တွေအပေါ် အလွန်အမင်းဖြည့်တင်းနေတာနဲ့ပတ်သက်ပြီး “တနိုင်ငံနဲ့ တနိုင်ငံ အင်အားချင်းယှဉ်ပြိုင်ဖို့အတွက် ကိုယ့်နိုင်ငံဟာ အဘက်ဘက်က အင်အားတောင့်တင်းနေဖို့ လိုတယ်” လို့ ပြောပါတယ်။

The Hill သတင်းစာကလည်း ရုရှား-ယူကရိန်း စစ်ကြောင့် အမေရိကန်ရဲ့ စစ်လက်နက် ရောင်းအားဟာ အရမ်းမြင့်တက်လာတယ်လို့ မတ်လ ၁၅ ရက်မှာ ဖော်ပြပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန် စစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီကြီး တခုဖြစ်သည့် Raytheon Technologies ရဲ့ ဥက္ကဋ္ဌ Mr. Greg Hayes ကတော့ “ရုရှားရဲ့ ခြိမ်း‌ခြောက်မှုကို တုံ့ပြန်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံတကာက ဖောက်သည်အသစ်တွေကို ရှာဖွေပြီး ရောင်းအားတွေ ပိုမိုမြင့်တက်လာမယ်လို့ ကျနော်တို့အနေနဲ့ မျှော်လင့်မိပါတယ်၊ အရှေ့ဥရောပနဲ့ နိုင်ငံတကာပိုင်နက် ပင်လယ်ပြင်တွေမှာ တနိုင်ငံနဲ့တနိုင်ငံ တင်းမာမှုတွေ ဖြစ်လာကြတာဟာ ကာကွယ်ရေးအသုံးစရိတ်ကို ပိုမိုသုံးစွဲဖို့ တွန်းအားတရပ် ဖြစ်လာစေပါတယ်၊ ဒီနိုင်ငံရေးလွန်ဆွဲပွဲတွေနဲ့ တင်းမာမှုတွေကြောင့် ကျနော်တို့ကတော့ အကျိုးအမြတ်ကြီးကြီးရတာပေါ့ဗျာ”လို့ ကုမ္ပဏီရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ပြောပါတယ်။

အမေရိကန်နိုင်ငံရဲ့ အကျိုးအမြတ်အတွက်မဟုတ်တဲ့ မီဒီယာတခုဖြစ်တဲ့ Truthout ကတော့ “ကမ္ဘာတဝန်းရှိ နိုင်ငံတွေအနေနဲ့ ဒီလို စစ်လက်နက်တွေ အပြိုင်အဆိုင်ဖြည့်တင်းလာကြတာဟာ နယ်ချဲ့ဝါဒ (Imperialism) နဲ့ စစ်လက်နက်စျေးကွက်မှာ မရည်ရွယ်ဘဲ အတိုင်းအတာတခုထိ တိုးပေါက်သွားမှုတခု (Market’s Unintentional Dynamics) ကြောင့် ဖြစ်တယ်၊ နေတိုးရဲ့ နိုင်ငံရေးသြဇာ ချဲ့ထွင်မှုများ၊ အဖွဲ့ဝင်နိုင်ငံတွေ ပိုတိုးလာအောင် ဆောင်ရွက်ချက်တွေဟာ အရှေ့ဥရောပကနေ ယီမင်ထိ စစ်ပွဲတွေနဲ့သာ အဆုံးသတ်လေ့ရှိတယ်” ဆိုပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်လက်နက်ထုတ်လုပ်သူတွေကို ဝေဖန်ထားပါတယ်။

ဒ့ါအပြင် Truthout မီဒီယာရဲ့ အချက်အလက်တွေအရ အမေရိကန် စစ်လက်နက်ထုတ်လုပ်မှုဆိုင်ရာ ကုမ္ပဏီတွေဟာ လော်ဘီ အယောက် ၇၀၀ ငှားရမ်းထားကြောင်း၊ အဲဒီ လော်ဘီတွေရဲ့ ၄ ပုံ ၃ပုံ ဟာ အမေရိကန် ဖက်ဒရယ်အစိုးရအတွက် အခကြေးငွေအမြောက်အမြားနဲ့ အလုပ်လုပ်ပေးနေကြောင်း၊ ၂၀၂၀ တနှစ်တည်းမှာတင် လော်ဘီငှားရမ်းခ အမေရိကန် ဒေါ်လာ ၁၀၈ သန်း သုံးစွဲခဲ့ကြောင်း ဖော်ပြထားပါတယ်။

တခြားအမေရိကန် မီဒီယာတခုဖြစ်တဲ့ Associated Press (AP) သတင်းဌာနကတော့ အမေရိကန် နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ဟာ ၂၀၂၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၇၇၃ ဘီလီယံ သုံးစွဲမှာဖြစ်ပြီး၊ ဒီပမာဏဟာ ပြီးခဲ့တဲ့နှစ် ဘက်ဂျက်ထက် ၃၀ ဒသမ ၇ ဘီလီယံ ပိုများလာတာ ဖြစ်ကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အနေနဲ့ မတ်လ ၂၈ ရက်နေ့မှာ အဆိုပါ ဘက်ဂျက်ကို အတည်ပြု လက်မှတ်ထိုးပြီး ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သီဟ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024