ကရင်ပြည်နယ်၊ မြဝတီမြို့မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာကြောင့် ဧပြီ ၁ ရက်ကနေ ဧပြီ ၆ ရက် ဒီကနေ့မနက်အထိ ထိုင်းနိုင်ငံ၊ တာ့ခ်ရိုင်၊ အုန်းဖန်မြို့ဘက်ကို စစ်ဘေးရှောင် ကရင်ပြည်သူ အယောက် ၂,၀၀၀ လောက် ထပ်ရောက်လာပါတယ်။
မြဝတီမြို့တောင်ဘက် ဆူးကလီးမြို့နယ်ခွဲနဲ့ ဝေါလေမြို့နယ်ခွဲမှာ ဧပြီ ၆ ရက် ဒီနေ့မနက်ကလည်း စစ်ကောင်စီတပ်တွေနဲ့ KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲ ဆက်လက်ပြင်းထန် ဖြစ်ပွားနေပါတယ်။
မြဝတီမှတဆင့် ဝေါလေမြိုင်ဘက်ကို ဦးတည်ပြီး မောခီးစခန်းကို မတ် ၂၃ ရက်မှ ၂၅ ရက်နေ့အတွင်း ပြန်လည်သိမ်းယူနိုင်ရေးနဲ့ နယ်မြေရှင်းလင်းရေးအတွက် စစ်ကောင်စီတိုင်းမှူး ညွှန်ကြားချက်အရ စစ်ကြောင်းတွေ ထိုးစစ်ဆင်နေတာ ဖြစ်ပေမယ့် ဒီကနေ့ထိ ပြန်သိမ်းနိုင်ခြင်းမရှိသေးပါဘူး။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ကျဆုံးတာတွေ များနေတဲ့အတွက် မောခီးစခန်းကို ပြန်သိမ်းနိုင်ဖို့ မလွယ်ကူသေးဘူးလို့ KNLA တာဝန်ရှိသူ တယောက်ကပြောပါတယ်။
စစ်ကောင်စီရဲ့ ထိုးစစ်အတွင်း ဒေသခံ ပြည်သူတွေကို ဖမ်းဆီးခိုင်းစေတာ၊ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်တာတွေကြောင့် မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးနဲ့ ကရင်ပြည်နယ် တောတွင်းမှာ တိမ်းရှောင်နေရတဲ့ ဒေသခံ တသိန်းကျော်သွားပြီ ဖြစ်ပါတယ်။