ထိုင်း-မြန်မာနယ်စပ် ချင်းမိုင်ခရိုင်နဲ့ တာ့ခ်ခရိုင်ထဲမှာ စိတ်ကြွဆေးပြား ၈ သိန်းကျော် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဧပြီ ၄ ရက် မနက်စောစောက ချင်းမိုင်ခရိုင်၊ ဝိန်းဟိုင်မြို့နယ်၊ ပျိန်းလုံအုပ်စု ဘန့်မိုင်မိုင်းကျွတ်ကျေးရွာအနီး တောလမ်းတလျှောက်မှာ ထိုင်းစစ်တပ်တာဝန်ရှိသူက နယ်စပ်လုံခြုံရေး စောင့်ကြပ်စဉ် အထုပ်အပိုးကိုယ်စီ သယ်ဆောင်လာတဲ့ လူတစုကို တွေ့ရလို့ စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာမှာ အထုပ်တွေပစ်ချပြီး ထွက်ပြေးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်တပ်က အဆိုပါနေရာတဝိုက်ကို ဝိုင်းထားလိုက်ပြီး နယ်မြေရှင်းလင်းရေးလုပ်ရာမှာ မြွေရေခွံအိတ် ၄ လုံးကို တွေ့ရကြောင်း၊ အိတ် ၁ လုံးစီရဲ့ အထဲမှာ စိတ်ကြွဆေး ၂ သိန်းစီ တွေ့ရှိတဲ့အတွက် ဆေးပြားစုစုပေါင်း ၈ သိန်းကို တယ်လီဖုန်း ၁ လုံးနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
အဆိုပါနေရာမှာ မြန်မာနယ်စပ်နဲ့ ၂ ကီလိုမှ ၃ ကီလိုမီတာခန့်သာ ကွာဝေးပြီး တရားခံတွေ ဖမ်းဆီးရမိဖို့ ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ Maesaipress သတင်းမှာ ဖော်ပြပါတယ်။
အလားတူ မြန်မာနယ်စပ်၊ တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာလည်း ဧပြီ ၅ ရက် ဒီနေ့မနက်က မြန်မာနိုင်ငံသား ၃ ဦးထံမှ စိတ်ကြွဆေး ၁၀,၀၀၀ ကျော်ကို မြန်မာငွေ ကျပ် ၂၀၀,၀၀၀ နဲ့အတူ ဖမ်းဆီးရမိတယ်လို့ AEC အာ ဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
အဆိုပါ ၃ ဦးမှာ မစန်းအေး (၄၅ နှစ်)၊ ဦးအားဝဲ့ (၅၃ နှစ်) နဲ့ မရာ (၂၃ နှစ်) တို့ဖြစ်ပြီး မဲဆောက်မြို့တွင်းတနေရာမှာ နံပါတ်ပြားမပါတဲ့ မော်တော်ဆိုင်ကယ် ၁ စီးနဲ့အတူ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ဆိုင်ကယ်ထဲမှာ စိတ်ကြွဆေးပြားစုစုပေါင်း ၁၀၀၀၁ လုံးထည့်ထားတဲ့ အထုပ်တွေပါ အစည်း ၅ စည်း တွေ့ရကြောင်း၊ သူတို့ဆီမှာ နေထိုင်ခွင့်လက်မှတ်တွေလည်း မရှိကြတဲ့အတွက် မူးယစ်ဆေးပြား လက်ဝယ်တွေ့ရှိမှုအပြင် နိုင်ငံထဲ တရားမဝင် ဝင်ရောက်နေထိုင်မှုတွေနဲ့ပါ အရေးယူခံရမယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
Ref-Maesai Press/AECNews