ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထဲမှာ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးပြီး အကျင့်ပျက်ခြစားမှုတွေရှိနေတယ်လို့ ရက္ခိုင့်တပ်တော် ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ဧပြီ ၅ ရက်နေ့ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
ရက္ခိုင့်တပ်တော် ULA/AA အနေနဲ့ အခုလို ကိစ္စတွေ လုံးဝလက်ခံမှာမဟုတ်ဘဲ ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို အရေးယူအပြစ်ပေးမှာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အပြစ်ပေးအရေးယူထားတာ ရှိတယ်လို့ဆိုပါတယ်။
အဂတိမှုကျူးလွန်ခဲ့သူအရေအတွက် အတိအကျကို ဒီဗွီဘီသတင်းဌာနက မေးမြန်းတဲ့အခါမှာ အခုသတင်းစာရှင်းလင်းပွဲမှာ စာရင်းအတိအကျပါလာခြင်း မရှိသေးတာကြောင့် နောက်တစ်ကြိမ် သတင်းစာရှင်းလင်းပွဲမှဖြေဆိုပေးမယ်လို့ ခိုင်သုခက ပြောပါတယ်။
အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးပြီး အကျင့်ပျက် ခြစားမှုတွေကျူးလွန်ခဲ့တဲ့ ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်တွေကို စစ်ဥပဒေအရ အရေးယူထားပြီး အုပ်ချုပ်ရေးတာဝန်ရှိသူတွေ ကျူးလွန်ရင်တော့ အရပ်ဘက် ဥပဒေနဲ့ အရေးယူနေတယ်လို့လည်း ဆိုပါတယ်။