ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ရွာငယ်ရပ်ကွက်အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်မှာ ဧပြီ ၄ ရက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်(PDF) အဖွဲ့ဝင် ၂ ယောက် ကျဆုံးသွားပါတယ်။
"ပင်းတယအဝင်စစ်ဆေးရေးဂိတ်မှာ မနေ့က ပစ်ခတ်မှုဖြစ်ပြီး စစ်တပ်ဘက်ကလည်း ဒဏ်ရာရတယ်။ PDF နှစ် ဦးကတော့ ကျသွားတယ်" လို့ ဒေသခံက ပြောပါတယ်။
ကျဆုံးသွားတဲ့ PDF နှစ်ဦးထဲက တဦးဟာ စစ်အာဏာရှင်ကို ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ပြီးနောက်မှာ စစ်တပ်က ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်လာချိန်မှာ မိမိကိုယ်မိမိခုခံကာကွယ်နိုင်ဖို့ လွတ်မြောက်နယ်မြေသို့ သွားရောက်ကာ အခြေခံစစ်သင်တန်းတက်ခဲ့သူဖြစ်တယ်လို့ နီးစပ်သူတွေက ဆိုပါတယ်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ အနီးဝန်းကျင်မြို့နယ်တွေဟာ စစ်အာဏာမသိမ်းခင်က ပစ်ခတ်တိုက်ခိုက်မှုတွေမရှိသလောက် နည်းပါးခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပါတယ်။