စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်အတွင်း မူးယစ်ဆေးဝါး ရောင်းချသုံးစွဲသူတွေကို တမူး PDF တပ်ရင်း - ၂ က ဖမ်းဆီးရမိခဲ့ပြီး နောက်ဆုံးအကြိမ် သတိပေးပြန်လွှတ်ခဲ့ကာ ဖမ်းမိမူးယစ်ဆေးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
တမူး PDF တပ်ရင်း - ၂ ရဲ့တပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၃ ရက်က တမူး - ခမ်းပတ်ကားလမ်းပေါ်မှာ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် ခမ်းပါတ် ကနေ တမူးသို့ မောင်းနှင်လာတဲ့ ဆိုင်ကယ်တစီးကို ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ် တူးဘောက်(Toolbox)အတွင်း ဘိန်းဖြူ တွေ ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးရမိသူကနေ တဆင့် မူးယစ်ဆေးဝါးရောင်း၀ယ် ဖောက်ကားသုံးစွဲနေသူတွေ နေထိုင်ရာ နေအိမ်ကိုသိရှိခဲ့ရပြီး ၀င်ရောက်ဖမ်းဆီးရာ ရောင်း၀ယ်သုံးစွဲနေသူ ၁၃ ဦး၊ Android ဖုန်းအမျိုးအစား လက်ကိုင်ဖုန်း ၅ လုံး (တစ်လုံးမကောင်း) ၊ Keypad ဖုန်းတစ်လုံး၊ မူးယစ်ဆေးဝါးထိုးသွင်းရာတွင် အသုံးပြုတဲ့ ဆေးထိုးအပ်အသေး ၃၀၀ ကျော်၊WY စိတ်ကြွဆေးပြား ၄၅ ပြား၊ ဘိန်းဖြူ ထည့်ထားတဲ့ဆပ်ပြာဘူး အသစ် (၃) ဘူးနဲ့ ရောင်းရငွေ ၆၂၄၀၀ကျပ် တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ တမူး PDF တပ်ရင်း - ၂ က ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ရောင်း၀ယ်ဖောက်ကားသုံးစွဲခဲ့သူတွေကိုတော့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံး အကြိမ်အဖြစ် သတိပေးပြီး ကောင်းမွန်စွာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
တမူး PDF တပ်ရင်း - ၂ အနေနဲ့ တမူး - ကလေးကားလမ်းပေါ်မှာ မူးယစ်ဆေးဝါးသယ်ဆောင် ရောင်း၀ယ် ဖောက်ကားတာ မပြုဖို့ တရား၀င် သတိပေးကြေညာထားပြီးနောက်တခါ ဖမ်းဆီးရမိပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။