မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း ရပ်ကွက်တွေမှာ မတ် ၂၆ ကနေ ဧပြီ ၄ ရက်နေ့အထိ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ပြည်သူ အယောက် ၂၀ ဝန်းကျင်ရှိပြီလို့ ဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့မှာ မတ်လ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ကို သတင်းပေးလုပ်ကိုင်နေသူတဦး နေအိမ်မှာ ပစ်ခတ်ခံရပြီးနောက် ရပ်ကွက်တွေထဲ တအိမ်တက်ဆင်း လိုက်လံစစ်ဆေးရှာဖွေဖမ်းဆီးနေတာလို့ ဒေသခံတဦးက ပြောပါတယ်။
ဧပြီ ၂ ရက်နေ့မှာလည်း စစ်ကောင်စီတပ်က ဗိုလ်ကြီး ကျော်မျိုးဟိန်းရဲ့မိဘနှစ်ပါး နေအိမ်မှာ ထပ်မံပစ်ခတ်ခံလိုက်ရပြီး သေဆုံးသွားခဲ့တာကြောင့် ထပ်မံဖမ်းဆီးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂၀ ကျော်ထဲမှာ CDM ဝင်ထားတဲ့ ဆရာဝန်တယောက်ပါဝင်ပြီး ဆရာဝန်ကို အိမ်ထဲဝင်ရောက်ဖမ်းဆီးချိန်မှာ ငွေကြေး သိန်း ၁၁၀ ကျော်ကိုလည်း စစ်ကောင်စီတပ် က ယူဆောင်သွားတယ်လို့ ဒေသခံနောက်တဦးက ပြောပါတယ်။
“အခုဖြစ်သွားတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး သူတို့ကိုအထက်က ဖိပုံရတယ်၊ မဆိုင်တဲ့သူတွေကိုပါ ဖမ်းနေတော့တာ။ လူငယ်တွေတင်မဟုတ်ဘူး၊ လူကြီးတွေပါ ဖမ်းခံရတယ်၊ မိန်းကလေးတွေလည်း ဖမ်းခံထားရတဲ့အထဲမှာ ပါတယ်။”
မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်၊ ပန်းမရပ်ကွက်၊ ကမ္ဘာအေးရပ်ကွက်၊ အောင်သုခရပ်ကွက်က ပြည်သူ အယောက် ၂၀ ကျော် ဖမ်းဆီးခံထားရတာလို့ သိရပါတယ်။
ဖမ်းဆီးထားသူတွေကို မိုးကုတ်မြို့အနောက်ပိုင်း ကျပ်ပြင်စခန်းမှာ ဖမ်းဆီးထားပြီး ဒီနေ့အထိ တွေ့ခွင့်မရသေးတာကြောင့် မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။