ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း စားသောက်ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက် လာတာကြောင့် ဝန်ထမ်းတွေနဲ့ ဒေသခံတွေ စားဝတ်နေရေး အခက်တွေ့နေတယ်လို့ သိရပါတယ်။
မောင်တောမြို့မှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတဦးက "အရင်က ကြက်ဥ ၁,၀၀၀ ဖိုး ၈ လုံးရတယ်။အခု ၆ လုံးပဲ ရတော့တယ်။ စားသောက်ကုန်တွေ အကုန်လုံး ဈေးတင်လာတော့ လစာ ၂ လစာရတယ် ဆိုပေမယ့် ဘယ်လိုမှ မလုံလောက်တော့ဘူး" လို့ ပြောပါတယ်။
မောင်တောခရိုင်အတွင်း ဝန်ထမ်းတွေဟာ လစာ ၂ ဆ ရရှိကြပေမယ့်လည်း ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် အခက်တွေ့နေကြရတာပါ။
ဆောက်လုပ်ရေးလုပ်ငန်းမှာ လုပ်ကိုင်နေသူတဦးက "မောင်တောဒေသမှာက အလုပ်အကိုင် အခွင့်အလမ်း ဘာမှမရှိဘူး။ ဆောက်လုပ်ရေးဆိုက်တွေမှာ တနေကုန်လုပ်ပြီးမှ ငွေ ၈,၀၀၀ ကျပ်ရတယ်။ မိသားစု စားဝတ်နေရေး ဘယ်လိုမှ အဆင်မပြေနိုင်ဘူး" လို့ ဆိုပါတယ်။
အရင်က မောင်တောမြို့မှာ စားအုန်းဆီ ၁၀ ပိသာဘူးတဘူး ၂၇,၀၀၀ ကျပ်မှ အခုအခါ ၇၅,၀၀၀ ကျပ်အထိ မြင့်တက်နေပြီး အနိမ့်ဆုံး ဆန်တအိတ် အရင် ၂၃,၀၀၀ ကျပ်မှ အခုအခါ ၃၅,၀၀၀ ကျပ်အထိ မြင့်တက်နေပြီး တခြားစားသောက်ကုန်တွေလည်း အဆမတန် ဈေးမြင့်တက်နေပါတယ်။
စားသောက်ကုန်တွေ အဆမတန် ဈေးမြင့်တက်လာတာကြောင့် မောင်တောမြောက်ပိုင်း ဒေသတွေဖြစ်တဲ့ တောင်ပြိုနဲ့ ခမောင်းဆိပ် ဒေသတွေမှာ တာဝန်ကျနေကြတဲ့ ဝန်ထမ်းတွေ၊ ဒေသခံတွေ စားဝတ်နေရေး ပိုပြီး အခက်တွေ့နေတယ်လို့ သိရပါတယ်။