ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ မတ် ၂၈ မနက်ပိုင်းက စစ်ကောင်စီတပ် ယာဉ်တန်း ကင်းလှည့်နေစဉ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
စစ်ကားတန်း ရောဘတ်ဘုရားကျောင်းအနီးရောက်ရှိစဉ် ဗုံးပေါက်ကွဲခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်တာတွေရှိပြီး ပြည်သူ ၃ ယောက်ထက်မနည်း ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရောဘတ်ဘုရားကျောင်းအနီးနေထိုင်သူတဦးက "စစ်ကောင်စီယာဉ်တန်း ကားနှစ်စီး ရောဘတ်ဘုရားကျောင်းအနီး ရောက်နေတုန်း ဗုံးပေါက်တာ။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ထိခိုက်တယ်။ ဆိုင်ကယ်နဲ့လာတဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတယောက်လည်း ဗုံးစမှန်သွားတယ်။ အဲ့ဒီနားက ဖြတ်သွားတဲ့ကောင်လေးတယောက်ကိုလည်း ရိုက်နှက်ဖမ်းဆီးသွားတာတွေ့တယ်"လို့ ပြောပါတယ်။
စစ်ကောင်စီယာဉ်တန်း ဗုံးပေါက်ကွဲအပြီး တပ်ဖွဲ့ဝင်အများအပြားနဲ့ လမ်းပိတ်ဆို့ စစ်ဆေးနေတဲ့အတွက် စစ်ကောင်စီဘက်က သေဆုံးထိခိုက်တာကိုတော့ တိတိကျကျ မသိနိုင်ဘူးလို့ ဆိုပါတယ်။
ဗုံးကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့နဲ့ ပြည်သူတယောက် သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောဆိုနေပေမဲ့ ဒီဗွီဘီက သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
ဗန်းမော်မြို့မှာ ဒီဇင်ဘာ ၃၁ ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကားမိုင်းဆွဲတိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်တယောက်သေဆုံးကာ ၂ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။