ဖမ်းဆီး တရားစွဲခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့နဲ့အတူနေထိုင်တဲ့သူတွေ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရတာကြောင့် ကွာရန်တင်း၀င်နေရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
အခုလို ကွာရန်တင်း၀င်နေရတာကြောင့် ဒီနေ့ မတ် ၂၈ ရက် ရုံးချိန်းကို မလာရောက်နိုင်ဘူးလို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ရောဂါကူးစက်မှုမရှိပေမဲ့ အတူနေသူတွေမှာ ကိုဗစ်ဖြစ်တဲ့အတွက် အခုလို ကွာရန်တင်း၀င်နေရတာလို့ သိရပါတယ်။
ဒီနေ့ရုံးချိန်းကို နိုင်ငံတော်သမ္မတဦး၀င်းမြင့်လည်း မလာရောက်ခဲ့ဘဲ Video Conferencing နဲ့ တက်ရောက်ခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုကို ချေဖျက်ပေးဖို့ လျှောက်ထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်သလို ဒီအမှုနဲ့စပ်ဆက်နေတဲ့ ဒေါက်တာမျိုးအောင်အပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှု၊ ဦးရဲမင်းဦးအပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုနဲ့ ဦးနိုင်ငံလင်းအပေါ် စွဲဆိုထားတဲ့ အဂတိမှု ၅ မှုတို့ကိုလည်း ချေဖျက်ပေးဖို့ ပူးတွဲ လျှောက်ထားတာ အားလုံးကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ပယ်ချလိုက်ပါတယ်။