Home
ဆောင်းပါး
မင်းအောင်လှိုင် ဖြိုချနေသည့် အဆောက်အဦ
DVB
·
March 27, 2022

မြန်မာနိုင်ငံတွင် မကြာမီကာလအတွင်း အဆောက်အဦကြီးတခု ပြိုကျတော့မည်။ ဖြိုဖျက်နေသူမှာ လက်ရှိကာချုပ် မင်းအောင်လှိုင်ဖြစ်ပြီး ဖရိုဖရဲဖြိုချခံနေရသည့် အဆောက်အဦမှာ မြန်မာ့တပ်မတော်ပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ အသက်၊ သွေး၊ ချွေးများဖြင့် တည်ဆောက်ခဲ့ရပြီး နှစ်ပေါင်း ၈၀ နီးပါး တည်တံ့ခဲ့သော မြန်မာ့တပ်မတော်သည် ကာချုပ်မင်းအောင်လှိုင်လက်ထက်တွင် နိဋ္ဌိတံတော့မည် ဖြစ်သည်။

အရှင်မွေးတော့ နေ့ချင်းကြီး

ရန်ကုန်တက္ကသိုလ် တက်ရောက်နေရာမှ ပထမနှစ်အပြီးတွင် စစ်တက္ကသိုလ်သို့ ပြောင်းရွှေ့ တက်ရောက်ခဲ့သော ဒုဗိုလ်မင်းအောင်လှိုင်သည် ၁၉၇၄ ခုနှစ်တွင် စစ်မှုထမ်းမှု စတင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်နေ့၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကာချုပ်ရာထူး လွှဲပြောင်းပေးအပ်ခြင်း ခံခဲ့ရသည်။ ၎င်းထက် စစ်မှုထမ်းသက်အပြင် တိုက်ခိုက်ရေး၊ စည်းရုံး‌ရေးနှင့် အုပ်ချုပ်ရေးစွမ်းရည်သာသည့် ဝါရင့် စစ်ဗိုလ်ချုပ်ကြီးများကို ကျော်ဖြတ်ကာ ကာချုပ်ရာထူးကို ဆက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ မင်းအောင်လှိုင်၏ စွမ်းရည်သက်သက်ကြောင့် မဟုတ်ပေ။ နိုင်ငံ့အာဏာကို နှစ်ပေါင်း ၂၁ နှစ်ကြာအောင် ကိုင်စွဲထားနိုင်ခဲ့သော ကာချုပ်ဟောင်း ဦးသန်းရွှေက ၂၀၁၀ ပြည့်နှစ်၌ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပေးရမည့်ချိန်တွင် ခွာစစ်အတွက် အသုံးတည့်မည့်သူ တဦးအဖြစ် ရှုမြင်ခဲ့၍ ဖြစ်သည်။

ကာချုပ်ဟောင်းသည် အကူးအပြောင်းကာလတွင် ၎င်းတို့ အသက်ရှူပေါက်ချောင်ရေးအတွက်  လွှတ်တော်အတွင်း စစ်တပ်က ဝင်ရောက် ထိန်းကျောင်းနိုင်ရေးအပြင် လွှတ်တော်ပြင်ပရှိ တိုင်းရင်းသားလက်နက်ကိုင်များအား ထိန်းကျောင်းနိုင်ရေးအတွက်ကိုပါ ချိန်ဆခဲ့သည်။   ဤသို့ဖြင့် အရှင်တို့က မွေးဖွားလိုက်သော မင်းအောင်လှိုင်က ကာချုပ်ဖြစ်လာခဲ့သည်။ 

ယတြာဝိုင်း စစ်မင်းသား မင်းအောင်လှိုင်

၁၉၇၄ ခုနှစ်တွင် စစ်မှုထမ်းသက် စတင်ခဲ့သော မင်းအောင်လှိုင်တွင် ပြောပလောက်သည့် တိုက်ခိုက်ရေး အတွေ့အကြုံ မရှိခဲ့ပေ။ သူ ဗျူဟာမှူးဖြစ်ခဲ့သည့် ၁၉၉၉ ခုနှစ်တွင် ကြီးမားသော တိုက်ပွဲကြီးများ မရှိခဲ့သည့် နည်းတူ (၄၄) တပ်မမှူး ဖြစ်လာသည့် ၂၀၀၂ ခုနှစ်တွင်လည်း လောက်လောက်လားလား တိုက်ပွဲများ မရှိခဲ့ပါ။ ဦးသန်းရွှေက ၎င်းကို အာရုံကျစရာဆို၍ DSA ကျောင်းအုပ်ကြီး လုပ်ခဲ့ဖူးခြင်းသာ ရှိပေမည်။ ၎င်း ကာချုပ်ရာထူးပေးလိုက်ချိန်တွင် မင်းအောင်လှိုင် ကျောင်းအုပ်လုပ်စဉ်က  DSA ကျောင်းဆင်းများသည် အရာရှိကြီးများဖြစ်လာကာ မင်းအောင်လှိုင် ခိုင်းသမျှ ဦးလည်မသုန် ထမ်းရွက်ကြလိမ့်မည်ဟုသာ မှန်းဆခဲ့ပုံရသည်။ တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်နှင့် အုပ်ချုပ်ရေးစွမ်းရည် သုံးရပ်အနက် တပ်တွင်း အုပ်ချုပ်ရေးပိုင်းကိုသာ လုပ်ကိုင်ခဲ့ဖူးသော မင်းအောင်လှိုင်သည် ၎င်းဦးဆောင်သည့် အာဏာသိမ်းမှုတွင် ချွတ်ချော် တိမ်းပါးမှု များစွာရှိခဲ့သည်။ အာဏာသိမ်းမှုပြုမည်ဟု ဦးသန်းရွှေထံ သတင်းပို့ခဲ့သော်လည်း အသေးစိတ် အစီအမံများ ညှိနှိုင်းတိုင်ပင်မှု မပြုခဲ့ခြင်းသည် အမှန်တကယ် အာဏာသိမ်းသောအခါ  တိုက်ခိုက်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည် မပြည့်ဝခြင်းက ဘွားခနဲ ပေါ်လာသည်။

ဒေါက်တာဆာဆာကဲ့သို့သောပုဂ္ဂိုလ် ပြည်ပရောက်သွားသည်က ဖြစ်သင့်သည့်ကိစ္စ ဖြစ်သော်လည်း မင်းကိုနိုင်၊ ဂျင်မီ တို့ကဲ့သို့သော အခြားအင်အားစုများ၏ လုပ်နိုင်စွမ်းကို လျှော့တွက်ကာ အချိန်မီ မထိန်းသိမ်းနိုင်ခဲ့ခြင်းက မင်းအောင်လှိုင်၏ ညံ့ဖျင်းမှုဖြစ်ကြောင်းကို မင်းအောင်လှိုင်အား ထောက်ခံနေသူများ သဘောပေါက်သင့်သည်။ 

မင်းအောင်လှိုင်တွင် တိုက်ခိုက်ရေးစွမ်းရည် မရှိခဲ့ခြင်းကြောင့် မိမိရန်သူ၏ အင်အားစုကို မမှန်းဆတတ် ကြိုတင် မထိန်းသိမ်းတတ်ခြင်းဖြစ်၏။ ‌ဗေဒင်၊ ယတြာ၊ ဓာတ်ဆရာနှင့် ရခိုင်အင်အားစုအချို့၏ အခါတော်ပေးမှုဖြင့် အာဏာသိမ်းလိုက်သော်လည်း ကြိုတင်ပြင်ဆင်တွက်ဆမှု မရှိသော မင်းအောင်လှိုင်ကြောင့် တပ်ပိုင် စီးပွားရေးလုပ်ငန်းများပါ ယိုင်နှဲ့သွားသည်။

အာဏာသိမ်းစက မြဝတီဘဏ်တွင် ငွေထုတ်သူများလွန်း၍ ထုတ်ယူငွေ ပမာဏနှင့် ထုတ်ယူသူဦးရေ ကန့်သတ်လိုက်ရခြင်းက ၎င်းအပေါ် ၎င်းတို့အသိုင်းအဝိုင်းကပင် အယုံအကြည် မရှိတော့ကြောင်း ပြညွှန်းနေသည်။ မင်းအောင်လှိုင်ကမူ စည်းရုံးရေးစွမ်းရည်အဖြစ် စီးပွားရေး ပြန်လည်ကောင်းမွန်အောင် လုပ်ဆောင်ပြရမည့်အစား ‌၎င်း၏ ဓာတ်ဆရာ၊ နတ်ဆရာ ဘုန်းကြီးများဖြင့်သာ ယတြာများ လုပ်ကိုင်ဆောင်ရွက်နေသည်။ DSA ကျောင်းအုပ်ကြီးဘဝက ဗိုလ်လောင်းများကို လက်ချာပေးသလို အစည်းအဝေးများတွင် တောင်စဉ်ရေမရ စကားများ ပြောဆိုနေသည်။ 

ကိုယ့်ကျောရိုး ကိုယ်ဖြုတ်တဲ့ကောင်

မင်းအောင်လှိုင်နှင့် အကြံပေးများ၏ ရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ မဖျက်သိမ်းဘဲ သက်သက်ခိုင်၏ ပါတီကဲ့သို့သော အခြားပါတီတရပ်ရပ်၏ ထိပ်ပိုင်းခေါင်းဆောင်နေရာ ဝင်ယူကာ သမ္မတဖြစ်ရေး ရည်မှန်းခဲ့ခြင်း ဖြစ်သည်။ စစ်တပ်က မည်မျှပင် ကျောထောက်နောက်ခံ ပြုပေးသည်ဖြစ်စေ၊ NLD ကို မယှဉ်နိုင်သော ကြံ့ခိုင်ရေးပါတီကိုမူ စစ်ခေါင်းဆောင်များက စိတ်ကုန်နေပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်၏ မပီပြင် မပြတ်သားသည့် အာဏာသိမ်းမှုကြောင့် ပေါ်ထွက်လာသည့် NUG နှင့် အင်အားစုများကို ရင်ဆိုင်လိုက်ရသောအခါ မင်းအောင်လှိုင်က ၎င်း၏ လစ်ဟာခဲ့ရမှုများကို ဖုံးဖိရန် အလွန်အကျွံ အင်အားသုံးနှိမ်းနင်းမှု ပြုတော့သည်။

၎င်းနှင့် ညှိနှိုင်းကာ အဆုတ် အတက် ဟန်ချက်ညီ လှုပ်ရှားပေးနေသည့် ရခိုင်ဒေသမှ လွဲ၍ အခြားဒေသများကို စစ်မျက်နှာများ တပြိုင်တည်းဖွင့်သည်။ ကချင်၊ ကရင်နီ၊ ကိုးကန့်၊ ချင်းနှင့် ကရင်ပြည်နယ်များသာမက လက်လုပ်သေနတ်သာ ရှိသည့် ဗမာအများစုနေထိုင်ရာ ဒေသများကိုပါ အင်အားအလွန်အကျွံ သုံးစွဲ တိုက်ခိုက်သည်။ ရဟတ်ယာဥ်ဖြင့်ပစ်သည်။ ရွာတွေကို မီးရှို့ ပြာချပစ်သည်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ လက်ထက်ကပင် ထိုမျှ မပြုမူခဲ့ဘူးဟု ဗမာများ မြည်တမ်းရေရွတ်ကြသည်။ လတ်တလော အကြောက်တရားအောက် ဆွဲသွင်းထားနိုင်ရေးကိုသာ မင်းအောင်လှိုင်နှင့် အကြံပေးများက အလေးထားကြသည်။ ဘေးထွက်ဆိုးကျိုးများကို မှန်းဆမိကြပုံ မရ။ ကျန်တိုင်းရင်းသားများအပြင် ဗမာများကပါ မုန်းတီးသည့် တပ်မတော် ဖြစ်သွားသည်။ တပ်ထဲ ဝင်လိုသူ မရှိတော့။ တပ်အပြင် တပ်မတော်၏ အဓိက အရန်အင်အား ဖြစ်သော ရဲအင်အားသစ်ပါ စုဆောင်းမရဖြစ်သွားပြီ။ ၁၈ နှစ်ပြည့်ပြီးသည့် အရွယ်မှသည် သိတတ်စ ငါးနှစ်သားအရွယ် ကလေးငယ်များကပင် မြန်မာစစ်တပ်ကို ရွံရှာ မုန်းတီးသွားကြပြီ ဖြစ်၏။ တပ်တွင်း ရှိနေသည့် တပ်သားအဆင့်မှသည် တပ်ရင်းမှူးအဆင့်ထိပင် စစ်တပ်ကို စွန့်ခွာကုန်ကြပြီ။ မင်းအောင်လှိုင်က မြန်မာစစ်တပ်ကို ထိုသို့ ဖြိုဖျက်နေခြင်း ဖြစ်သည်။ 

အာဏာမသိမ်းမီက ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဦးသန်းရွှေကို မင်းအောင်လှိုင်က သွားရောက် တွေ့ဆုံခြင်းပြုခဲ့သော်လည်း ယခုအခါ သွားရောက် တွေ့ဆုံခြင်းမပြုတော့ဟု သတင်းများ ပေါ်ထွက်နေသည်။ အမှန်မှာ ဦးသန်းရွှေက လက်ခံတွေ့ဆုံခြင်း မပြုတော့ခြင်း ဖြစ်သည်ဟု ပြန်ကြားရပါသည်။ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဦးသန်းရွှေက ဗမာနယ်မြေများကို ဖျက်ဆီးနေသည့် မင်းအောင်လှိုင်ကို ‘ကိုယ့်ကျောရိုး ကိုယ်ဖြုတ်နေတဲ့ကောင်’ ဟု မှတ်ချက်ပြုသည်ဟု သတင်းစကားကြားရပါသည်။ 

ဤသည်မှာ မှန်ပါသည်။ မင်းအောင်လှိုင်သည် မြန်မာစစ်တပ်၏ ကျောရိုးဟု ပြော၍ရသော ဗမာများကို ပင်မရန်သူသဖွယ် တိုက်ခိုက်ချေမှုန်းနေခြင်း ကိုယ့်ကျောရိုး ကိုယ်ပြန်ဖြုတ်နေခြင်း ဖြစ်ပါသည်။ 

ကျောရိုးမဲ့သတ္တဝါ အလျင်အမြန် ကျဆုံးခြင်း ရှိ၊ မရှိကမူ ဝံပုလွေအုပ်စုထဲ ဝင်နေသော ဝံပုလွေသစ်၏ မလှုပ်မရှားဟန်ကို ငေးမျှော် တိမ်းညွှတ်နေသော ဝံပုလွေများနှင့်သာ သက်ဆိုင်ပါလိမ့်မည်။ 

အောင်သောင်းသစ်

(ယခုဆောင်းပါးသည် စစ်ထောက်လှမ်းရေးဟောင်းတဦး၏ အမြင်အာဘော်ဖြစ်သည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024