စစ်ကိုင်းတိုင်း ရွှေဘိုမြို့ပေါ်က စစ်ကောင်စီချိပ်ပိတ်ထားတဲ့ ရှေ့နေ ဒေါ်မီးငယ်ရဲ့နေအိမ် မတ် ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ မီးလောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ပိုင်ရှင်ကတော့ နေအိမ်မှာမနေတာကြာပြီဗျ။ ကျနော်တို့ကြားတာက CDM လုပ်လို့ စစ်ကောင်စီက ဖမ်းတာကြောင့် ထွက်ပြေးနေတယ်လို့တော့ သိရတာပဲ။ ဘာကြောင့် အခုလိုလူမရှိဘဲ မီးလောင်တာလဲဆိုတော့ ဒီကောင်တွေက လူဖမ်းလိုမရရင် အိမ်ကိုချိပ်ပိတ်တယ်။ အဲလိုမှ မကျေနပ်သေးဘူးဆိုရင် အိမ်ကို မီးရှို့တာတွေလည်းလုပ်တယ်ဗျ။ အခုလည်း စစ်တပ်နဲ့ပျူစောထီးတွေ လာရှို့သွားတယ်လို့တော့ ကျနော်တို့ ရပ်ကွတ်ထဲက လူတွေကတော့ ပြောတာပဲ။ အကိုပဲ စဉ်းစားကြည့်ဗျာ၊ အိမ်မီးလောင်တာတောင်မီးသတ်ကားက ချက်ချင်း လာမငြိမ်းဘူး” လို့ ဒေသခံတဦးကပြောပါတယ်။
အခုမီးလောင်တဲ့ နေရာဟာ ရွှေဘိုမြို့ပေါ် အမှတ် ၉ ရပ်ကွက်၊ ဓမ္မာရုံနောက်ကျောမှာရှိတဲ့ စစ်ကောင်စီချိပ်ပိတ်ထားတဲ့ ရှေ့နေ ဒေါ်မီးငယ်ရဲ့နေအိမ် မီးလောင်ရတဲ့အကြောင်းအရင်းကို ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။