စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း ဧရာဝတီမြစ်အရှေ့ခြမ်း မန္တလေး-တကောင်း-ငါးအိုး-ရွှေကူ-ဗန်းမော် လမ်းပိုင်း၊ ထီးချိုင့် မြို့နယ်အပိုင်ကနေ တကောင်းနယ်အတွင်း မနက် ၆ နာရီကနေ ည ၆ နာရီအတွင်းသာ ဖြတ်သန်းသွားလာကြဖို့ Special.9-HPDF က အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။
ခွင့်ပြုချိန်မဟုတ်တဲ့ ည ၆ နာရီကနေ မနက် ၆ နာရီအတွင်း သွားလာတဲ့ ကုန်ကား၊ ကြံကား၊ လူစီးကား၊ လူနာတင်ကား၊ ဆိုင်ကယ်ပါမကျန် တွေ့ရှိပါက ပစ်မိန့်ပေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ခြွင်းချက်အနေနဲ့ လူနာတင်ကား သွားလာလိုပါက Special.9-HPDF က ထုတ်ပြန်ထားတဲ့ ဖုန်းနံပါတ်ကို ဆက်သွယ်အကြောင်းကြားပြီးမှ သွားလာကြဖို့နဲ့ တခြား မည်သည့်ယာဉ်ကိုမှ အဆိုပါအချိန်အတွင်း ဖြတ်သန်းသွားလာခွင့် မပြုဘူးလို့လည်း ဆိုပါတယ်။
ဒီကြေညာချက်ကို အထူးလိုက်နာကြဖို့နဲ့ မလိုက်နာတဲ့အတွက် ပစ်ခတ်ခံရပါက တာဝန်ယူမှာ မဟုတ်ဘူးလို့လည်း Special.9-HPDF က ဆိုပါတယ်။
Special.9-HPDF ရဲ့ တာဝန်ရှိသူတဦးက "ကျနော်တို့ဘက်ကို ဆက်သွယ်ပြီး သွားတဲ့ လူနာတင်ကားတော့ ကျနော်တို့က အရေးမယူဘူးပေါ့။ အရေးမယူဘူးဆိုတာ ဒီကားကတော့ နံပါတ်ဘယ်လောက်နဲ့ သွားမယ်ဆို၊ ကျနော်တို့ဆို ဒါကတော့ ပြည်သူ့ကားလို့ သတ်မှတ်လို့ ရတယ်လေ။ အဲ့ဒီနောက်ပိုင်းမှာ ခုဆို ညကို ၁ နာရီ ၂ နာရီတွေကစလို့ ကားတွေ ဖြတ်သွားတာတွေ ရှိတယ်။ သွားတဲ့ခါမှာ ကျနော်တို့ကတော့ ပြည်သူ့ကားထင်တာ၊တကယ်တော့ ပြည်သူ့ကားတွေ မဟုတ်ဘဲနဲ့ စစ်(----) တွေရဲ့ဘက်ကနေ သွားတဲ့ကားတွေ ဖြစ်နေတယ်ပါ့။ အဲ့ဒီတော့ ကျနော်တို့က ညပိုင်းဆိုလို့ရှိရင် သွားတဲ့ကားမှန်သမျှကို စစ်(---) တွေရဲ့ ကားလို့ပဲ ကျနော်တို့က ထားလိုက်တော့မှာ" လို့ ပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာရာမှာ ပြည်သူပုံစံ သွားလာနေတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ ပြည်သူတွေ ကွဲပြားမှု မရှိတာကြောင့် လုပ်ငန်းတွေမှာ အနှောင့်အယှက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်ဟာ မတ်လ ၂၀ ရက်နေ့ မနက် ၆ နာရီကစတင်ပြီး ပြန်မရုပ်သိမ်းသေးသရွေ့ အကျုံးဝင်တယ်လို့ Special.9-HPDF က ဆိုပါတယ်။
ထီးချိုင့်မြို့နယ် အရှေ့ခြမ်းတင်မက အနောက်ခြမ်းအတွင်းမှာလည်း ကန့်သတ်ချိန်မှာ ဖြတ်သန်းသွားလာလိုပါက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံ ကြိုတင်အကြောင်းကြားဖို့ လိုတယ်လို့ သိရပါတယ်။