ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်ထဲမှာ မတ် ၂၂ ရက်နေ့ မနက်ပိုင်းက အမျိုးသမီးငယ်တယောက်နဲ့ ကလေးငယ်တယောက် သတ်ဖြတ်ခံထားရတာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျွန်းဦးအုပ်စု၊ ငှက်ပျောကျွန်း၊ ခတ္တိယ ကားလမ်းဘေး ဝါဝါကုမ္ပဏီကုန်ထုတ်လမ်း၊ အုပ်ကျင်းကျေးရွာကားလမ်းဘေး ဇီးပင်အောက်မှာ အသက် ၂၅ နှစ်ကျော်လောက် အမျိုးသမီးငယ်တယောက်နဲ့ အသက် ၃ နှစ်လောက် မိန်းကလေးငယ်တယောက်တို့ အလောင်းကို တွေ့ရတာပါ။
“မုဒိမ်းကျင့်ပြီး သတ်ခဲ့တာလို့ ထင်ရတယ်။ မနက် ၁၁ နာရီလောက်မှာ ဘူးခွံ၊ အမှိုက်ကောက်တဲ့ ကလေးတွေက စတွေ့တာ။ စတွေ့ချိန်ကတည်းက အဝတ်အစားတွေ ကျွတ်နေတယ်။ ကလေးငယ်က အမျိုးသမီးဗိုက်ပေါ်မှာ ကန့်လန့်ရှိနေတယ်။ အမျိုးသမီးရဲ့မျက်နှာနဲ့ ရင်ညွန့်မှာ အရိုက်ခံထားရတဲ့ ဒဏ်ရာတွေ တွေ့ရတယ်။ ကလေးငယ်မှာတော့ ခေါင်းကို ကျောက်တုံးနဲ့ ထုခံထားရတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ညနေ ၃ နာရီလောက်မှာ ရဲတွေလာစစ်ဆေးပြီးတော့ အလောင်းတွေကို ညောင်တုန်းမြို့ဆေးရုံက ရင်ခွဲရုံကို သယ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ ဘယ်သူဖြစ်တယ်၊ ဘယ်မှာနေတယ်ဆိုတာ မသိရသေးသလို ဘယ်လိုတော်စပ်တယ်ဆိုတာလည်း မသိရသေးပါဘူး။