စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေက မတ် ၂၀ ရက်ည ၁၀ နာရီလောက်က ရှော့တိုက်ဒုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
“ပထမက ပေါက်ကွဲသံတော့ ကြားလိုက်ရတယ်။ အချိန်က ည ၁၀ နာရီလောက်ဗျ။ အဲဒီလို ပေါက်ကွဲသံတွေ ကြားပြီး သိပ်မကြာဘူး၊ ရဲစခန်းဆီကရော၊ ထွေအုပ်ရုံးဘက်ကရော သေနတ်သံတွေ ဆူညံနေတာ။ နောက်ပိုင်း ပြည်သူကာကွယ်ရေးအဖွဲ့ကနေ ဒုံး ၆ လုံးချ တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတွေက အခုလိုရမ်းပစ်တာလို့ သိရတာဗျ” လို့ ဒီပဲယင်းမြို့ပေါ်နေပြည်သူတဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုအခြေအနေကို မသိရသေးသလို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း သတင်းထုတ်ပြန် မတွေ့ရသေးပါဘူး။
မတ်လ ၂၀ ရက်ညက ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်က ဒီပဲယင်းမြို့ပေါ်မှာ စစ်ဆေးတာနဲ့ အရပ်သားအသွင် ကင်းပုန်းဝပ်နေတာတွေ ပြုလုပ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။