Home
မြန်မာသတင်း
အာဆီယံအထူးကိုယ်စားလှယ် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေး၊ သပိတ်အင်အားစုများ ကန့်ကွက်
DVB
·
March 21, 2022

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းဟာ မတ်လ ၂၁ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံပါတယ်။

တွေ့ဆုံရာမှာ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေ၊ မြန်မာနိုင်ငံအတွက် လူသားခြင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီတွေရရှိစေရေး ဆောင်ရွက်နေမှု အခြေအနေနဲ့ အာဆီယံမှာ ပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

ဒါ့အပြင် နိုင်ငံတွင်းမှာ နိုင်ငံရေးသဘောထားမတိုက်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေကတဆင့်  ဆူပူအကြမ်းဖက်မှု၊ အကြောင်းမဲ့သတ်ဖြတ်မှု၊ နိုင်ငံပိုင်အဆောက်အဦ၊ စာသင်ကျောင်းများ ဖျက်ဆီးမှု၊ မိုင်းထောင်ဖောက်ခွဲမှုတွေ ဖြစ်ပေါ်ခဲ့လို့ စစ်ကောင်စီက ပြည်သူတွေရဲ့  အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် ဆောင်ရွက်နေရတယ်လို့ စစ်ခေါင်းဆောင်က အာဆီယံအထူးကိုယ်စားလှယ်ကို ပြောကြားခဲ့တယ်လို့လည်းဆိုပါတယ်။

အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု - GSCB ကတော့  အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် နိုင်ငံရေးအရ ကန့်ကွက်ကြောင်း ကြေညာထားပါတယ်။

ဒီခရီးစဉ်မတိုင်မီ အကြမ်းဖက်စစ်အုပ်စုရဲ့ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ချက်ချင်းရပ်တန့်ရေးအတွက် အာဆီယံနဲ့ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ တိုက်တွန်းတောင်းဆိုဖို့  ပျက်ကွက်ခဲ့တဲ့အတွက် ဒီခရီးစဉ်ဟာ  မြန်မာလူထုရဲ့ ဆန္ဒသဘောထားနဲ့ အသံကို လုံးဝတန်ဖိုးမထား၊ အသိအမှတ်မပြုဘဲ အကြမ်းဖက်စစ်အုပ်စုကို အားပေးအားမြှောက်ပြုတဲ့ လုပ်ရပ်ဖြစ်လို့ ကန့်ကွက်ရှုတ်ချတာလို့ဆိုပါတယ်။

အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေနဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ဆုံဖို့ စီစဉ်ထားမှုကိုလည်း အကြမ်းဖက်စစ်ကောင်စီဘက်က ဖျက်သိမ်းခဲ့ပြီး ပထမအကြိမ်ခရီးစဉ်ဖြစ်လို့ လိုချင်လောဘများစွာ မထားဖို့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ပြောကြားချက်ဟာ တာဝန်မဲ့ပြောကြားချက်ဖြစ်တယ်လို့  GSCB ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ပရတ်ဆာခွန်းဟာ  မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကို မတ်လ ၂၁ ရက်ကနေ ၂၃ ရက်အထိ ၃ ရက်ကြာခရီးလာရောက်တာဖြစ်ပြီး အာဆီယံအထူးကိုယ်စားလှယ်အဖြစ် မြန်မာနိုင်ငံကိုသွားတဲ့ ပထမဆုံး ခရီးစဉ်လည်းဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် လွှတ်တော်အမတ်ဟောင်း  ဒေါ်စုစုလွင်၊  ပြည်သူ့ပါတီဥက္ကဋ္ဌ  ဦးကိုကိုကြီး စတဲ့ နိုင်ငံရေးပါတီတွေက တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

နိုင်ငံတကာအဖွဲ့အစည်းကတာဝန်ရှိသူတွေကို လက်ခံတွေ့ဆုံပြီး ပါတီကိုယ်စားပြုပြောဆိုနိုင်သူမှာ ပါတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဗဟို အလုပ်မှုဆောင်အဖွဲ့က တာဝန်ပေးထားတဲ့ ဗဟိုအလုပ်ကော်မတီပဲရှိတယ်၊ ဒီလူတွေ မဟုတ်ဘူးဆိုရင် အန်အယ်လ်ဒီရဲ့ ဆိုင်းဘုတ်ကိုင် ခေါင်းစဉ်တပ်ပြီးတော့ တွေ့တဲ့သူတွေဟာ ဘယ်သူမဆို ပါတီကိုကိုယ်စားပြုတာမဟုတ်ဘူးလို့ အဲဒီကော်မတီအဖွဲ့ဝင် ဦးကျော်ထွေးက ဒီဗွီဘီကို ပြောထားပါတယ်။

အာဆီယံ အထူးသံတမန်ရဲ့ မြန်မာပြည်ခရီးစဉ်မှာ ဖမ်းဆီးထောင်ချ တရားစွဲခံနေရတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂျပန်သတင်းဌာန  ANN နဲ့ ရုပ်သံတွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားထားပါတယ်။

Photo- MOI

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024