Home
မြန်မာသတင်း
မုန်တိုင်းငယ် မြန်မာနိုင်ငံဘက် ဦးတည်တိုက်ခတ်မည်
DVB
·
March 20, 2022

မုန်တိုင်းငယ်(Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးဇလဌာနက မတ်လ ၂၀ ရက် ဒီကနေ့ညမှာ ထုတ်ပြန်ကြေညာပါတယ်။

မုန်တိုင်းငယ်ဟာ နောက် ၂၄ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ လည်းကောင်း၊ နောက် ၃၆ နာရီအတွင်းဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ မတ်လ ၂၁ ရက် ညပိုင်းမှာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီး သို့လည်းကောင်း ၂၂ ရက် မနက်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီးသို့ လည်းကောင်း၊ ၂၂ ရက် ညပိုင်းမှာ ရခိုင်ကမ်းရိုးတန်းအနီးသို့လည်းကောင်း ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်(Depression)ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ ထားဝယ်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၃၇၀)မိုင်ခန့်၊ ကော့သောင်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၃၀)မိုင်ခန့်၊ ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင် (၄၁၅)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း မြောက်ဘက် ရေမိုင်(၈၀)မိုင်ခန့်နဲ့ ပို့ပလဲယားရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၆၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းငယ်ဟာ ဗဟိုချက် လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နဲ့ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)နှုန်းခန့် ရှိနိုင်ပါတယ်။

မုန်တိုင်းငယ်အရှိန်ကြောင့် ယနေ့ညနေမှ မတ်လ ၂၂ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမယ်။ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ပါတယ်

မုန်တိုင်း အရှိန်ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်းများ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနေထိုင်ကြဖို့နဲ့ ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ် သင်္ဘောတွေ ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားပါတယ်။

မုန်တိုင်းငယ်ဟာ မတ်လ၂၂ ရက်မှာ မူလလမ်းကြောင်းမှသွေဖီပြီး လမ်းကြောင်း ပြောင်းလဲ နိုင်တဲ့ အခြေအနေတစ်ရပ် ရှိလာနိုင်ပြီး မြစ်ဝကျွန်းပေါ်ဒေသကို ဦးတည် ဖြတ်ကျော်နိုင်ခြေရှိလို့ ဒေသခံများ သထိထားသင့်တယ်လို့ NUG အစိုးရကလည်းထုတ်ပြန်ထားပါတယ်။

မူလခန့်မှန်းလမ်းကြောင်း အတိုင်း ရွေ့လျားမည်ဆိုပါကလည်း မော်တင်စွန်း ထိပ်ကို ဖြတ်ကျော်ချိန်တွင် မုန်တိုင်းဒီရေဟာ ၅ပေမှ ၆ပေခန့်အထိ မြင့်တက် နိုင်ပြီး အလားတူ ရခိုင်ကမ်းရိုးတန်းအတွက် မတ်လ ၂၃ ရက်၊ကမ်းဖြတ်ချိန်မှာ မုန်တိုင်းဒီရေ ၅ပေခန့် မြင့်တက်နိုင်ပါကြောင်းသတိပေးကြေညာထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024