စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြိုနယ် ကွမ်းတောင်းရွာကို မတ် ၁၈ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။
“မနေ့က နေ့လယ်မှာ စစ်ကောင်စီတပ်က ကွမ်းတောင်းရွာကို PDF တွေ ရှိတယ်ဆိုပြီး ဝင်စီးခဲ့တယ်။ တရွာလုံး ထွက်ပြေးခဲ့တယ်၊ ရွာထဲဘယ်သူမှမရှိတော့ဘူး။ ရွာထဲ လူနေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ မီးရှို့ခဲ့တဲ့ နေအိမ်တွေကတော့ ကိုမင်းမင်း၊ ကိုအောင်ပေါ၊ ကိုနိုင်မျိုး၊ ကိုဖိုးလုံးနဲ့ ကိုခင်မောင်ဝင်း တို့ရဲ့ လူနေအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၂ မတ် ၁၅ ရက်အထိ မြန်မာနိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်က နေရာပေါင်း ၂၀၀ ကျော်က နေအိမ်စုစုပေါင်း ၇၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းက ၄၄၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။