Home
မြန်မာသတင်း
ကော့ကရိတ်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းအားလုံး ထွက်သွားရန် ကေအန်ယူ သတိပေး
DVB
·
March 19, 2022

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၆၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းတွေအားလုံး မိမိတို့နေထိုင်ရာဒေသတွေကို ပြန်လည်ထွက်ခွာကြဖို့  ကော့ကရိတ်မြို့နယ် ကေအန်ယူက သတိပေးကြေညာထားပါတယ်။

ကော့ကရိတ်နယ်မြေထဲမှာစစ်ကောင်စီ အုပ်ချုပ်ရေးယန္တရားရပ်တန့်သွားစေဖို့အတွက် ကေအန်ယူ ကော့ကရိတ်မြို့နယ် အမြဲတမ်းကော်မတီတွေနဲ့ မြို့နယ်အတွင်းက KNLA တပ်ရင်း အမှတ် ၁၈၊ တပ်ရင်း အမှတ် ၂၇၊ တပ်ရင်းအမှတ် ၁၀၃၊ တပ်ရင်းအမှတ် ၂၀၁၊  KNDO လုံခြုံရေးတပ်ရင်းနဲ့ တပ်မဟာစစ်ကြောင်း ခေါင်းဆောင်တွေညှိနှိုင်းသဘောတူညီချက်အရ အခုလိုထုတ်ပြန်တာလို့ မတ် ၁၇ ရက်စွဲနဲ့ စာမှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဖိနှိပ်မှုနဲ့ မှားယွင်းတဲ့လုပ်ရပ်တွေကို ပြည်တွင်းပြည်ပက ပြည်သူတွေ နည်းမျိုးစုံနဲ့ တော်လှန်နေတာကို ကမ္ဘာကအသိဖြစ်တယ်လို့လည်းဆိုပါတယ်။

ကော့ကရိတ်မြို့နယ်ထဲက စစ်ကောင်စီ လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်ဖက် ဌာနဆိုင်ရာဝန်ထမ်းတွေအားလုံး မိမိတို့ နေထိုင်ရာ ဒေသအသီးသီးကို မတ် ၁၇ ရက်ကစလို့ထွက်ခွာကြဖို့နဲ့ ဒေသခံမြို့ခံဝန်ထမ်းတွေလည်း စစ်ကောင်စီ လက်အောက်ကနေ နုတ်ထွက်ကြဖို့ သတိပေးထားပြီး မလိုက်နာဘဲ ပျက်ကွက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေကို တာဝန်မယူဘူးလို့လည်း ဆိုပါတယ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်   အံဖကြီးကြီးကျေးရွာမှာ မတ် ၁၉ ရက်ဒီကနေ့ စစ်ကောင်စီတပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့  နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားခဲ့ပါတယ်။

မတ် ၁၈ ရက်က အံဖကြီးကျေးရွာရဲကင်းစခန်းကို စစ်ကောင်စီက BGF တပ်ဖွဲ့ဝင် အပါအဝင် လူအင်အားဖြည့်တင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲပိုမိုပြင်းထန်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

အံဖကြီးကျေးရွာသားတစ်ဦးက"မနေ့ညကတည်းက တိုက်ပွဲဖြစ်နေတာ ဟုတ်တယ်။ BGF က ဦးဆောင်ပြီး ဝင်လာတာ။ တိုက်ပွဲတွေက ပြင်းထန်နေတယ်။ နှစ်ဖက်ထိခိုက်မှုတော့ ရှိနိုင်တယ်။ ကော့ကရိတ်ဘက်ကနေပြီး စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပါ ပစ်ကူပေးနေတယ်”လို့ ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်နေလို့ ဒေသခံပြည်သူတွေဟာ နေအိမ်နဲ့ လုပ်ငန်းခွင်တွေကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ် ၇ ရက်က ကေအန်ယူ တပ်မဟာ ၆ နယ်မြေ၊ ဒူးပလာယာခရိုင်၊ လေကေ့ကော်ဒေသနဲ့ ဒေါနအရှေ့ခြမ်း ကော့ကရိတ်ခရိုင်အတွင်း ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေ ဆုတ်ခွာပေးဖို့ စစ်ကောင်စီရဲ့ စစ်တိုင်းမှူးထံ အသိပေးပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေက စစ်ရေးပိုမိုလှုပ်ရှားလာတဲ့အတွက်  ဒေသတွင်းမှာ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024