တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ကို စစ်ကောင်စီဘက်က စတင်ချိုးဖောက်တာဖြစ်လို့ စစ်ကောင်စီနယ်လုံဝန်ကြီးရဲ့ ကန့်ကွက်စာကို လက်မခံဘူးလို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ ၁၊ ဘားအံမြို့နယ်က မတ် ၁၈ ရက်မှာ တုံ့ပြန် ပြောပါတယ်။
ဘားအံမြို့နယ်အတွင်းက အခြေခံပညာစာသင်ကျောင်း ၄ ကျောင်း ပိတ်ထားရတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီခန့် ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ကေအန်ယူထံ မတ် ၁၄ ရက်နေ့စွဲနဲ့ ကန့်ကွက်အကြောင်းကြားစာပေးပို့တဲ့အပေါ် အခုလို တုံ့ပြန် ပြောဆိုလိုက်တာပါ။
စစ်ကောင်စီနယ်လုံဝန်ကြီးရဲ့ စာမှာတော့ ဖေဖော်ဝါရီ ၇ ရက်က တပ်မဟာ ၁ ရဲ့ ထုတ်ပြန်ချက်ကြောင့် ဘားအံမြို့နယ်အတွင်းက တကောင်ဘိုး(အထက)၊ မြိုင်(အထက)၊ ဝဲပျံ(အထကခွဲ)၊ ဘောသပြုကျေးရွာ(အလက) ကျောင်းတွေက ဝန်ထမ်းတွေကို ကျောင်းကော်မတီက လုံခြုံမှုမပေးနိုင်တဲ့အတွက် ကျောင်းတွေ ပိတ်ထားရတဲ့အကြောင်း၊ ဒါနဲ့ ပတ်သက်ပြီး ကေအန်ယူအနေနဲ့ အန်စီအေ သဘောတူစာချုပ်ပါအတိုင်း လိုက်နာဆောင်ရွက်ဖို့နဲ့ နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာတွေမှာ ဝင်ရောက်မစွက်ဖက်ရေး လက်အောက်ခံတပ်ဖွဲ့တွေကို ထိန်းသိမ်းကြပ်မတ်ဖို့ ရေးသားထားပါတယ်။
ဒီစာနဲ့ ပတ်သက်ပြီး ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူတဦးက “ပြည်သူတွေ တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့အစည်းကို အာဏာသိမ်းယူတဲ့အတွက်ကြောင့် သူတို့ (စစ်တပ်) အာဏာသိမ်းပြီးကတည်းက အဲဒီ အန်စီအေကို ကျနော်တို့ အသိအမှတ် မပြုတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အန်စီအေ ပါ အချက်အလက်တွေက သူတို့ (စစ်တပ်) ချိုးဖောက်လိုက်ပြီလေ။ အဲဒါကြောင့်မို့လို့ ကျနော်တို့ တပ်မဟာ ၁၊ တပ်ရင်း ၁၊ ၂ ဘားအံမြို့နယ်မှာတော့ သူတို့ရဲ့ အန်စီအေ ကို ကျနော်တို့ အသိအမှတ်မပြုဘူး။”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၆ နာရီလောက်က တပ်မဟာ ၁ ထိန်းချုပ်နယ်မြေ၊ ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု၊ နို့သရေးကျေးရွာအတွင်းကို စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ BGF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နို့သရေးကျေးရွာသားတွေဖြစ်တဲ့ အသက် ၅၀ အရွယ် စောဖားလား ညာဘက်လက်ကောက်ဝတ်ကို ထိမှန်ခဲ့သလို ၁၄ နှစ်အရွယ် စောပြည့်စုံရဲ့ ညာဘက်ချိုင်းအောက်ကို လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
အလားတူ ဖေဖော်ဝါရီ ၂၄ ရက် ည ၉ နာရီခွဲလောက်က သထုံမြို့နယ်၊ နောင်ကတုတ်အောက်ပိုင်း ကျေးရွာအတွင်းကို စစ်ကောင်စီရဲ့ ခမရ ၉ တပ်စခန်း (ကြခတ်ချောင်း) ကနေ လက်နက်ကြီး ၃ ချက် ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံ နော်ဖောဂေရဲ့ နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့လို့ အိမ်အမိုး အကာ၊ သွပ်ပြားတွေ ထိမှန်ပျက်စီးခဲ့သလို ကျေးရွာစာသင်ကျောင်းပါ ထိမှန် ပျက်စီးခဲ့ပါတယ်။
တပ်မဟာ ၁ နယ်မြေအတွင်း စစ်ကောင်စီက နယ်မြေကျော် စစ်ရေးလှုပ်ရှားမှုတွေ ပိုမိုလုပ်ဆောင်လာတဲ့အတွက် KNLA တပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။