Home
ဆောင်းပါး
ခုခံတော်လှန်စစ် နောက် ၆ လ NUG အောင်မှတ် ရမလား
DVB
·
March 17, 2022

မတ်လ ၁၄ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကာကွယ်ရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်ခ် စာမျက်နှာကနေ ပြည်သူ့ခုခံတော်လှန်စစ် ၆ လပြည့်အစီရင်ခံစာကို ထုတ်ပြန်လိုက်တယ်။ စာမျက်မှာ ၅ မျက်နှာကျော်ပါတဲ့ အစီရင်ခံစာပါ။

အစီရင်ခံစာက ၅ မျက်နှာကျော်ဆိုပေမဲ့ တကယ့်တကယ်မှတ်သားစရာ ဝန်ကြီးပြောမှ သိရပြီး ပြည်သူတွေလည်း စိတ်ဝင်စားတာက လက်နက်ခဲယမ်းနဲ့ ရန်ပုံငွေကိစ္စသာ ရှိတာမို့ ပြည်သူ့ခုခံတော်လှန်စစ် ၆ လပြည့်မှာ ပြည်သူ သိခွင့်ရတဲ့ စကားနည်းနည်းလို့လည်း ဆိုနိုင်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဆိုတာက စစ်ရေးစစ်ရာတွေနဲ့ လူတိုင်းကို သတင်းတိုင်း အသိပေးဖို့ မဖြစ်နိုင်တာကြောင့် ပြောပြနိုင်သလောက်နည်းနည်းကို ဝန်ကြီးက ပြောပြလိုက်တာလည်း ဖြစ်ပါမယ်။

ဒီအစီရင်ခံစာရဲ့ ပထမစာမျက်နှာမှာပဲ ခုခံတော်လှန်စစ် ၆ လတာ ဖြတ်သန်းမှုကို ပြန်လည်သုံးသပ်၊ အားသာချက်၊ အားနည်းချက်တွေကို ဖော်ထုတ်ပြီး ရှေ့ခရီးအတွက် သင့်လျော်တဲ့ အစီအစဉ်တွေ ချမှတ်သွားကြဖို့ဖြစ်တယ်လို့ ဝန်ကြီးက ဆိုလိုက်တယ်။

အခု ပြည်သူ့ခုခံတော်လှန်စစ် ၆ လတာကို တော်လှန်ရေးရဲ့ ကနဦးအဆင့်လို့ မှတ်ယူမယ်ဆိုရင် ဒီကနဦးအဆင့်မှာ PDF ရဲဘော်တွေဟာ ပြောက်ကျားစစ်၊ လှုပ်ရှားစစ်ကို ထိရောက်စွာ ဖော်ဆောင်နိုင်ခဲ့၊ ရန်သူ့အင်အားကို နေ့စဉ် ပြုန်းတီးအောင် စွမ်းဆောင်နိုင်ခဲ့၊ ကျေးလက်ဒေသ များစွာကို PDF တွေ စိုးမိုးထိန်းချုပ်နိုင်ခဲ့၊ ဒါ့အပြင့် မြို့ကြီး၊ မြို့ငယ်တွေမှာလည်း မြို့ပြပြောက်ကျားစစ်ကို ထိရောက်စွာဆောင်ရွက်နေကြပြီမို့ ကနဦးအဆင့်ဟာ စစ်ရေး ရည်မှန်းချက်တွေ အတိုင်းအတာတစ်ခုအထိ ပေါက်မြောက်ခဲ့တယ်လို့ ၆ လတာရဲ့ အားသာချက်ကို ဝန်ကြီးက အဲဒီလို စဖွင့်လိုက်တယ်။

ဝန်ကြီးပြောသလို အမှန်တကယ်လည်း ပေါက်မြောက်ခဲ့ပါတယ်။ PDF လူငယ်တွေဟာ အဲဒီလို ပေါက်မြောက်ဖို့အတွက် ကိုယ့်အစုအဖွဲ့နဲ့ကိုယ် ရုန်းကန်ခဲ့ကြရတယ်။ မိုင်းစမ်းသပ်ရင်း ကျဆုံးသွားတဲ့ လူငယ်တွေလည်း မနည်း၊ တိုက်ပွဲမှာ ကျသွားတာတွေရော ဖမ်းဆီးခံလိုက်ရပြီး စစ်ကြောရေးမှာ ကျသွားတဲ့ လူငယ်တွေလည်း မနည်း။ PDF လူငယ်တွေရဲ့ အဓိကအားသာချက်က သူတို့ လုပ်ရမယ့်အလုပ်ကို ကိုယ်စီ ပြိုင်တူသိရှိခြင်းနဲ့ ချက်ချင်းဖော်ဆောင်နိုင်ကြခြင်းပဲ ဖြစ်တယ်။

PDF လူငယ်တွေရဲ့ Speed ဟာ သိပ်မြန်လွန်းလှတော့ အကြမ်းဖက်စစ်တပ်က ဘာမှ မပြင်ဆင်နိုင်သေးခင်မှာ ပြောက်ကျားတိုက်ပွဲတွေကို အကောင်းဆုံး ဖော်ဆောင်နိုင်ခဲ့ကြတယ်။ ဝန်ကြီး ပြောသလို ကျေးလက်ဒေသများစွာကို PDF တွေ စိုးမိုးထားနိုင်သလို မြို့ပြပြောက်ကျားစစ်ကိုလည်း အကောင်းဆုံး ဖော်ဆောင်နိုင်ခဲ့ကြတယ်။

PDF လူငယ်တွေရဲ့ ချက်ချင်းဖော်ဆောင်နိုင်တဲ့ Speed ကို အရှိန်ကျမသွားအောင် ထိန်းထားနိုင်တာက သူတို့ရဲ့ နိုင်ငံရေးယုံကြည်စိတ်နဲ့ ပြည်သူတို့ရဲ့ လက်တွေ့ကျတဲ့ ထောက်ခံမှု ဖြစ်တယ်။ လက်တွေ့ကျတဲ့ ထောက်ခံမှုဆိုတာက PDF တွေအပေါ် ရက်ရောတဲ့လှူဒါန်းမှု ဖြစ်တယ်။ PDF တွေဟာ သူတို့အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ ရပ်တည်ရေးကစလို့ တိုက်ပွဲဝင်လက်နက်တွေအထိ အစစအရာရာကို ပြည်သူ့ထံ မှီခိုကြရပြီး NUG အစိုးရဆီက နည်းနည်းပါးပါး မရသလောက် အကူအညီနဲ့ ဒီ ၆ လကို ဖြတ်သန်းခဲ့ကြပါတယ်။

ဒီ ၆ လမှာ မြို့ကြီးမြို့ငယ်တွေကို ပြောက်ကျားစစ်နဲ့ ကိုင်လှုပ်နိုင်ခဲ့ပေမဲ့ ယိုင်နဲ့သွားတဲ့ အခြေအနေထိ မရောက်သေးတာလည်း သေချာပါတယ်။ ဒီ ၆ လအတွင်း PDF စိုးမိုးထားတဲ့ ကျေးလက်ဒေသများစွာရှိတာ သေချာပေမဲ့ အဲဒီကျေးလက်တွေဆီ အကြမ်းဖက်စစ်တပ် ထိုးစစ်ရောက်လာရင် ယာယီဆုတ်ခွာပေးနေရတာလည်း အားလုံး မျက်မြင်ပါပဲ။

ဒါပေမဲ့ အရင့်အရင်တုန်းကလို မိုင်းဆွဲပြီး သုတ်သုတ်ပြေးတဲ့ အခြေအနေကနေ မိုင်းထိလို့ ဝရုန်းသုန်းကားဖြစ်နေတဲ့ ရန်သူကို တစ်တောင့်ထိုး လက်လုပ်သေနတ်တွေနဲ့ ဝိုင်းပစ်နိုင်ကြပြီ ဖြစ်သလို ရန်သူစခန်းကို အလစ်အငိုက်တွေမှာ ဝင်တိုက်နိုင်တဲ့အထိလည်း တိုးတက်လာပါပြီ။ အခုထိ အခြေအနေကိုရောက်ဖို့ PDF တွေ ပေးလိုက်ရတဲ့ တန်ဖိုးတွေကလည်း အတိုင်းအဆမဲ့ပါပဲ။

အခုလို ခဲရာခဲဆစ်ရောက်လာခဲ့တဲ့ အခြေအနေကနေ နောက်ထပ်ခြေတစ်လှမ်း ထပ်တိုးနိုင်ဖို့ ဆိုတာလည်း တော်တော့်ကို မလွယ်လှပါဘူး။ ပြီးခဲ့တဲ့လကနေ အခုထိ စစ်ကိုင်းတိုင်းအတွင်း ထင်သလို ရမ်းကားနေတဲ့ အကြမ်းဖက်စစ်တပ်ကို PDF တွေ ဟန့်တားနိုင်စွမ်းမရှိခြင်းဟာ ငြင်းလို့မရတဲ့ သက်သေပါပဲ။ စစ်တပ်က မီးရှို့ခဲ့တဲ့ရွာတွေ မနည်းလှပါဘူး။ မီးရှို့ခံရတိုင်းမှာ ဒေသခံတွေနဲ့အတူ PDF တွေဟာလည်း နင့်နေအောင်ခံစား၊ လက်သီးကို တင်းနေအောင် ဆုပ်ထားပြီး ရန်သူအလစ်အငိုက်မှာ အလစ်ဝင်တိုက်တာနဲ့ မိုင်းဆွဲတာထက် ပိုမစွမ်းနိုင်သေးပါဘူး။

အကြမ်းဖက်စစ်သားမှာ ဘယ်လိုမှ ယှဉ်လို့မရအောင် အားသာတာ ၂ ချက် ရှိနေပါတယ်။ ပထမတစ်ချက်က ကျည်ဆန်ကို ချွေစရာမလို၊ လက်နက်အင်အားကို စိတ်ကြိုက်သုံးနိုင်သလို အခြေအနေမကောင်းရင် လက်နက်ကြီးပစ်ကူနဲ့ လေယာဉ်နဲ့ ဗုံးကြဲနိုင်ပါတယ်။ နောက်ထပ် အားသာချက်တစ်ခုက ပြည်သူ့အသက်အိုးအိမ်တွေကို ငဲ့စရာမလိုတဲ့အပြင် ပြည်သူကို အငြိုးနဲ့ ချေမှုန်းခြင်းပါပဲ။ ဒါကြောင့် အကြမ်းဖက်စစ်တပ်ဟာ သူတို့ စစ်ရေးအားသာချက်ရဖို့ မြို့တွေ၊ ရွာတွေ ပြည်သူသေမှာတွေကို ငဲ့စရာမလိုဘဲ ထိုးစစ်ဆင်နိုင်ခြင်းပါပဲ။

အဲဒီလို အရေးကြီး အားသာချက်နှစ်ရပ် ရှိနေတဲ့ ရန်သူကို တစုတစည်းတည်း အင်အားနဲ့ မတိုက်နိုင်သေးခြင်းကလည်း ကျနော်တို့ရဲ့ အရေးကြီး အားနည်းချက်ပါပဲ။ တိုင်းရင်းသား လက်နက်ကိုင်ဒေသ ရောက်နေတဲ့ PDF တပ်တွေက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးတွဲ တိုက်ခိုက်နေကြတာ ဖြစ်လို့ စုစည်းမှုအားနဲ့ စနစ်တကျကွန်ရက်တစ်ခုအောက်မှာ တိုက်ပွဲဝင်နိုင်ပြီ ဖြစ်ပေမဲ့ များစွာသော PDF တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့သာ လှုပ်ရှားနေကြပါတယ်။

စစ်ကိုင်းတိုင်းတခုလုံးရော တခြားဒေသတွေမှာပါ PDF အဖွဲ့တွေ အင်မတန်များလှပါတယ်။ အခု နောက်ပိုင်းမှာ ၄-၅ ဖွဲ့အထိ စုစည်းပြီး စုပေါင်းတိုက်ပွဲဝင်တာတွေ ရှိလာကြပေမဲ့ များသောအားဖြင့် ကိုယ့်အဖွဲ့နဲ့ကိုယ် ကိုယ်အိုင်ဒီယာနဲ့ကိုယ် သီးခြားစီ တိုက်ပွဲဝင်လေ့ရှိပါတယ်။ သီးခြားစီ တိုက်ပွဲဝင်မှုဟာ အင်အားအရ အားနည်းချက်ရှိတာကြောင့် ထိတွေ့တိုက်ပွဲတွေကို သူတင်ကိုယ်တင် ဆင်နွှဲနိုင်ဖို့ မလွယ်ပါဘူး။ ရန်သူကို အလစ်အငိုက် တိုက်ခိုက်နိုင်စွမ်းသာ ရှိပါတယ်။

အဲဒီလို သီးခြားစီ ရပ်တည်လှုပ်ရှားနေကြတဲ့ အဖွဲ့များစွာကို ၂၀၂၁ ဒီဇင်ဘာလောက်ကတည်းက ကာကွယ်ရေးဝန်ကြီး ပြောခဲ့တဲ့ Chain of Command တမိုးတည်းအောက်က အမိန့်ပေး ကွပ်ကဲမှုစနစ်အောက် ရောက်ရှိရေးဟာ တော်လှန်ရေးရှေ့တစ်လှမ်းအတွက် အသက်တမျှ အရေးကြီးပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း တမိုးတည်းအောက် အမိန့်ပေးကွပ်ကဲမှုစနစ်အောက် ရောက်ရှိရေးကို ဖော်ဆောင်နေတယ်လို့ ကြားသိရသလို များစွာသော PDFအဖွဲ့တွေကလည်း NUG အောက်ကနေ သွားဖို့ ဆန္ဒပြင်းပြကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီနေ့ထိတိုင် မြင်သာထင်သာ အဆင့်ထိ မြန်မြန်ဆန်ဆန် ဖော်ဆောင်နိုင်စွမ်းမရှိသေးတာ တွေ့ရပါတယ်။ ဘာကြောင့် မဖော်ဆောင်နိုင်သေးတာလဲ။ ဘယ်အခြေထိရောက်ပြီး ဘာတွေ ခက်ခဲနေသလဲ။ အဲဒါဟာ ၆ လပြည့် အစီရင်ခံစာမှာ ထည့်မပြောထားတဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အားနည်းချက်ကြီး တစ်ခုလား ဆိုတာ ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရေးလုပ်ဖို့ လိုပါလိမ့်မယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်းထဲက NUG မျက်စိအောက်ရောက်နေတဲ့ PDF အဖွဲ့တွေဟာ NUG ရဲ့ထောက်ပံ့မှုကို ၂၀၂၁ ဒီဇင်ဘာလောက်ကတည်းက စတင်ရရှိနေတယ်လို့ ကြားရပါတယ် ။တချို့ဆို NUG ကာကွယ်ရေးဝန်ကြီးဌာန လမ်းကြောင်းနဲ့ လက်နက်တွေ ရရှိသလို တချို့ကျတော့ လက်နက် ထုတ်လုပ်ရေးအတွက် NUG ထောက်ပံ့ငွေရရှိတယ်လို့လည်း သိရပါတယ်။ အဲဒီလို ထောက်ပံ့ငွေရရှိတဲ့ PDF ခေါင်းဆောင်တစ်ဦးကို စစ်ကိုင်းတိုင်း PDF အဖွဲ့တွေရဲ့ လတ်တလော စိန်ခေါ်မှုက ဘာလဲလို့ မေးတဲ့အခါ လက်နက်နဲ့ ရန်ပုံငွေလို့ပဲ ဖြေတာ ကြားရပါတယ်။ ဆိုလိုတာက NUG ရဲ့ ထောက်ပံ့မှုဟာ လုံးဝလုံလောက်မှုမရှိဘူးဆိုတဲ့ သဘောပါပဲ။

အခု ၆ လပြည့်အစီရင်ခံစာမှာလည်း ဝန်ကြီးဦးရည်မွန်က ဒီနေ့အချိန်ထိ ဘယ်နိုင်ငံကမှ ရုပ်ဝတ္ထုပစ္စည်း အကူအညီ ပေးအပ်တာမရှိသေးဘူးလို့ ဆိုပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန အတွက် ပြည်တွင်း၊ ပြည်ပက ပြည်သူတွေရဲ့ ထည့်ဝင်ရန်ပုံငွေ ကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိခဲ့ပြီး အဲဒီရန်ပုံငွေအားလုံးရဲ့ ၈၅ ရာခိုင်နှုန်းကို လက်နက်ခဲယမ်း ဝယ်ယူမှုနဲ့ ထုတ်လုပ်မှုအတွက် အသုံးပြုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အသုံးပြုခဲ့တယ်ဆိုတဲ့ စကားအရ ၈၅ ရာခိုင်နှုန်းကို အသုံးပြုပြီးသွားပြီလို့ နားလည်ရပါတယ်။ ထပ်ပြောရရင် ကန်ဒေါ်လာသန်း ၃၀ ကျော်ဟာ တော်တော်ကုန်သွားပြီဆိုတဲ့ သဘောပါပဲ။ အစီရင်ခံစာမှာ ဝန်ကြီး ပြောခဲ့တဲ့ “….. PDF အတွက် လက်နက်ခဲယမ်းမီးကျောက် အနည်းဆုံး လိုအပ်ချက်ကို မကြာခင်မှာ ဖြည့်ဆည်းနိုင်လိမ့်မယ်လို့တော့ ပြောချင်တယ်” ဆိုတာ အသုံးပြုပြီးတဲ့ ၈၅ ရာခိုင်နှုန်းထဲမှာ အကျုံးဝင်လိမ့်မယ် ထင်ပါတယ်။ ပြီးတော့ အဲဒီ ၈၅ ရာခိုင်နှုန်းထဲမှာ လေကြောင်းရန် တွန်းလှန်ရေးလက်နက်တွေ ပါလာနိုင်မလား မျှော်လင့်ရပါတယ်။

ဝန်ကြီးရဲ့ပြောတဲ့ PDF နဲ့ လက်နက်ကို ချုံ့ပြောရမယ်ဆိုရင် စစ်မဟာဗျူဟာစီမံချက်အရ အရေးပါတဲ့ နယ်မြေက PDF တွေကို ဦးစားပေး လက်နက်တပ်ဆင်ပေးမယ် ဆိုတာပါပဲ။ ကျန် PDF များစွာ သေနတ် ဘယ်တော့ရမလဲဆိုတာ နောက်ထပ်ရန်ပုံငွေ ဘယ်လောက်ရမလဲဆိုတာနဲ့ တိုက်ရိုက်အချိုးကျမယ်လို့ ထင်ပါတယ်။

လောကဓံမျိုးစုံကို ရင်ဆိုင်နေရတဲ့ ပြည်တွင်းနေ ပြည်သူတွေအနေနဲ့ ကြာလာလေ ဘဝရပ်တည်ရေးက ခက်ခဲလာလေမို့ တော်လှန်ရေးရန်ပုံငွေ ထည့်ဝင်ရေးဟာ ကြာလာလေ အကန့်အသတ် ကြီးလာလေပါပဲ။ ဒါကြောင့် ပြည်ပရောက် မြန်မာတွေရဲ့ ပံ့ပိုးမှုကိုသာ အားပြုရပါမယ်။ အဲဒီပံ့ပိုးမှုဟာလည်း အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် နိုင်ငံတကာ အကူအညီ ရရှိရေးဆိုတာ နွေဦးတော်လှန်ရေးအတွက် အင်မတန်အရေးပါလှပါတယ်။ နိုင်ငံတကာ အကူအညီ ဆိုတာကလည်း ကိုယ့်ဘက်က အရေးပါတဲ့အပြောင်းအလဲ တစ်ခု(သို့မဟုတ်) လုံခြုံမှုရှိတဲ့ လွတ်မြောက်နယ်မြေလို ဆိုတာမျိုး ကို ကိုယ့်ခွန်ကိုယ့်အားနဲ့ ဖန်တီးနိုင်စွမ်းရှိကြောင်း ပြသနိုင်မှသာ ရောက်လာနိုင်မယ်လို့ ထင်ပါတယ်။

၆ လတာ တော်လှန်ရေးရဲ့ ကနဦးအဆင့်ကို PDF လူငယ်တွေဟာ NUG ရဲ့ ဦးဆောင်မှု၊ပံ့ပိုးမှု မပါသလောက်နီးပါးနဲ့ အကောင်းဆုံးစွမ်းဆောင်ခဲ့ပြီးပါပြီ။နောက် တဆင့်ကို ဆက်ရွေ့ဖို့ဆိုတာ NUG ရဲ့ အခန်းကဏ္ဍ၊ NUGရဲ့ ဦးဆောင်နိုင်စွမ်းဟာ အင်မတန်မှ အရေးပါပါတယ်။

ဒုတိယ ၆ လတာမှာ NUG ဂုဏ်ထူးထွက်လိမ့်မယ်လို့ မမျှော်လင့်ပေမဲ့ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) အကောင်းဆုံးပံ့ပိုးမှုတွေကို ရယူနိုင်ခဲ့ရင် အောင်မှတ်ရနိုင်မလားလို့ မျှော်လင့်ကြည့်မိပါတယ်။

လင်းခေတ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024