Home
မြန်မာသတင်း
ငွေစက္ကူအတုပြဿနာ မြန်မာပြည်သူများအကြား စိုးရိမ်မှုတိုးပွားနေ
DVB
·
March 17, 2022

လူမှုကွန်ရက်စာမျက်နှာတွေကနေ တဆင့်ရောင်းချလဲလှယ်နေတဲ့ ငွေစက္ကူအတုတွေဟာ သာမန်ပြည်သူတွေလက်ထဲကို ရောက်လာတဲ့အတွက် ပြည်သူတွေကြားမှာ စိုးရိမ်မှုတွေ တိုးပွားနေပါတယ်။

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကာလမှာ ငွေစက္ကူအတုတွေကို လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပေါ်ပေါ်တင်တင် ရောင်းချလဲလှယ်နေကြပြီး ပြည်သူတွေကြားမှာလည်း ငွေအတုတွေ တွေ့လာတဲ့အတွက် စိုးရိမ်မှုတွေ ရှိလာပါတယ်။ 

အာဏာသိမ်းပြီးနောက် ဘဏ်တွေကနေ ငွေထုတ်ရခက်ခဲလာပြီး ငွေအတုတွေ ပေါများလာတာဟာလည်း ငွေမထုတ်ပေးနိုင်တဲ့ ဘဏ်တွေအပေါ်မှာ မူတည်နေတယ်လို့ ပြည်သူတစ်ဦးက ပြောပါတယ်။

“ငွေအတုကို သာမန်လူတွေတောင် မခွဲနိုင်ဘူး။ ဈေးဝယ်ရင်း ကိုယ့်ဆီပါလာပြီးတော့ ကိုယ်က မသိပဲ။ တခြားပြန်သုံးတယ်။ အဲ့လိုဆို ငွေအတုက တဖြည်းဖြည်းပိုများလာမှာ။ လူငယ်တွေတောင် မသိနိုင်တာ ပုံမှန်ဈေးရောင်းတဲ့ အဘိုးအဘွားတွေက ပိုပြီး ဘယ်လိုသိလာနိုင်မလဲ။ တကယ်တမ်း ငွေအတုကို ဖမ်းမယ်ဆိုရင် ဆုံးရှုံးမှုက အဲ့ဒီမှာ ပြဿနာ တက်လာမယ်။ ငွေအတုပြဿနာက တော်တော်လေးကို ဆိုးနေတာ။ ဘဏ်တွေကနေ ငွေကို မထုတ်ပေးနိုင်သရွေ့ကတော့ ငွေအတုပြဿနာက ဖြစ်လာအုံးမှာပဲ။ တစ်နေ့က တွေ့လိုက်တဲ့ ပြဿနာမျိုးဆိုရင် ငွေအတုနဲ့ ကားလာဝယ်သွားတယ်ဆိုတာမျိုးက စိုးရိမ်စရာပဲလေ။ ပိုက်ဆံမရှိလို့မှ ကားရောင်းပါတယ်ဆို ပိုက်ဆံအတုနဲ့ ဝယ်သွားတာက ပြည်သူတွေအတွက် နှစ်နာစရာပဲ။”

ငွေအတု အရောင်းအဝယ် လုပ်သူတွေက ငွေအစစ် ၁ သိန်းပေးရင် ငွေအတု ၁၀ သိန်းပေးဆိုပြီး အွန်လိုင်းမှာ ရောင်းဝယ်နေကြတာပါ။

မြန်မာနိုင်ငံမှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ငွေကြေးအလုံအလောက် ထုတ်မရခဲ့လို့ ငွေကြေးဖောင်းပွမှုတွေ နဲ့အတူ ကုန်ဈေးနှုန်းမြင့်တက်မှုတွေကလည်း ရှိလာခဲ့ပါတယ်။

အခြေခံအိမ်ထောင်စုတစုအတွက်  ငွေစက္ကူတစ်ခုသာ အတုဖြစ်ခဲ့ရင် တနေ့တာ အသုံးစရိတ်လျော့မှာ ဖြစ်တဲ့အတွက်လည်း ငွေအတုကိစ္စဟာ ပြည်သူတွေအတွက် ပိုပြီ စိုးရိမ်စရာ ဖြစ်စေပါတယ်။

“ဘယ်လိုတောင် နားလည်ရမလဲ မသိဘူး။ တော်တော်ကို ဆိုးဝါးတဲ့ ကိစ္စရပ်လို့ပဲ မြင်ပါတယ်။ အခုနောက်ပိုင်း ငွေကြေးတွေက ဒီလိုပဲ ပေါပေါများများ ရနေပြီးတော့ အခြားအခြားသောပြသာနာတွေအများကြီးကို ရလာနိုင်တယ်။ ဒီလိုပဲ ပြည်သူတွေက တန်ဖိုးမရှိတဲ့ စက္ကူအတုတွေကို သုံးလာရတယ်လို့ ခံစားရမိတယ်။ အဲဒီနောက်ပိုင်းတော့ ကိုယ့်လက်ထဲရောက်လာတဲ့အခါ ငွေ စက္ကူအတုတွေဟာ သုံးလို့မရတော့ဘူးဆိုရင် ကိုယ်ဘယ်လို ဖြေရှင်းမလဲပေါ့နော်။”

ပြည်သူတွေကြားမှာ တွေ့ရတဲ့ ငွေစက္ကူအတုတွေဟာ ငါးထောင်တန်နဲ့ တစ်သောင်းတန်တွေ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အရင်တုန်းကတော့ ဘဏ်တွေဆီကို လာရောက်အပ်နှံတဲ့အထဲ ငွေအတုတွေ ပါလာပြီဆိုရင် ဗဟိုဘဏ်က ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း လိုက်နာဆောင်ရွက်ပြီး ဖြေရှင်းခဲ့ပေမဲ့ အခုချိန်မှာတော့ ပြည်သူတွေဟာ ဘဏ်ကိုမယုံကြည်တော့တဲ့အတွက် ဘဏ်မှာလည်း ငွေအတုတွေ လာမစစ်နိုင်သလို၊ ဘဏ်တွေကလည်း ပြည်သူတွေ လိုအပ်ချက်ရှိတဲ့အတိုင်း ငွေကို အလုံအလောက် မထုတ်ပေးနိုင်တော့လို့ အခုလို ပြသာနာတွေ ဖြစ်ပေါ်လာရတာဖြစ်တယ်လို့ ဘဏ်ဝန်ထမ်းတဦးက ပြောပါတယ်။

ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးက “ငွေအတုတွေ ဒီလိုထွက်တယ်ဆိုတာကလေ ဘဏ်တွေကလည်း ငွေကို မထုတ်ပေးနိုင်ဘူးလေ။ ကာစတန်မာတွေရဲ့ ပိုက်ဆံကို မထုတ်ပေးနိုင်တဲ့ အခါကျတော့ အပြင်မှာ ရာခိုင်နှုန်းပေးပြီး ထုတ်ကြရတယ်။ အခု လူတွေက ပိုက်ဆံရရင် အဆင်ပြေတယ်ဆိုပြီး ဖြစ်နေကြတော့ ရာခိုင်နှုန်း ဘယ်လောက်ပေးရပေးရ ဆိုပြီး ထုတ်လာကြတယ်။ ဆိုတော့ အဲ့တာတွေကြောင့်လို့တော့ အစ်မကတော့ မြင်တယ်။ အဓိကကတော့ ကာစတန်မာရဲ့ ပိုက်ဆံတွေကို ဘဏ်က မထုတ်ပေးနိုင်လို့ ဖြစ်ရတာ အဓိကပြဿနာကတော့ ဒါပါပဲ”လို့ ပြောပါတယ်။

စစ်တပ်က အာဏာမသိမ်းခင်အချိန်ကာလတွေမှာလည်း ငွေအတုတွေရှိခဲ့ပေမယ့် ပြည်သူတွေကြားထဲ လျင်လျင်မြန်မြန်မရောက်ခဲ့သလို အခုလို ပေါ်ပေါ်တင်တင် ရောင်းချတာတွေလည်း မရှိခဲ့ပါဘူး။

အရင်က ဘဏ်နဲ့ အွန်လိုင်းဒစ်ဂျစ်တယ်စနစ်ကိုသာ အသုံးပြုပြီး ဝယ်ယူကြပေမယ့်၊ အခုတော့ ငွေအပုံလိုက် ပေးဝယ်ကြလို့ ငွေအတုဂယက်ဟာ အနည်း၊ အများပေါ်မူတည်ပြီး ပစ္စည်းတန်ဖိုး အရင်းအနှီးအတွက် ထိခိုက်မှုတွေ ရှိနေတယ်လို့လည်း လုပ်ငန်းရှင်တွေဆီကနေ  သိရပါတယ်။

ဗဟိုဘဏ်က ပြဋ္ဌာန်းထားတဲ့ ဥပေဒတွေအရ ငွေအတုကို မသိဘဲ ကိုင်ဆောင်တာ သုံးစွဲတာတွေ လုပ်ရင် ဖမ်းဆီးအရေးယူခံရနိုင်ဖွယ် ရှိတယ်လို့ ရှေ့နေအသိုင်းအဝိုင်းက မှတ်ချက်ပေးထားပါတယ်။ မြန်မာနိုင်ငံဗဟိုဘဏ် တာဝန်ရှိသူတွေကတော့ ငွေစက္ကူအတုတွေ ရောင်းချတာနဲ့ ပတ်သက်လို့ အရေးယူနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024