လတ်တလော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် တွေ့ရှိမှုနဲ့ သေဆုံးမှုနှုန်းတွေ ကျဆင်းလာတာကြောင့် မတ် ၁၆ ရက်ကစတင်ကာ လူ ၄၀၀ ထိ စုဝေးခွင့်ပြုတယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ လူပေါင်း ၆ သိန်းကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံခဲ့ရပြီး စုစုပေါင်း သေဆုံးသူ အရေအတွက်ကတော့ ၁၉,၄၀၀ ကျော် ရှိခဲ့ပြီဖြစ်ကာ ကူးစက်မြန် အိုမီခရွန် ရောဂါပိုး တွေ့ရှိမှုအနေနဲ့ ပိုးတွေ့လူနာ အယောက် ၃၅၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။
ကာကွယ်ဆေးထိုးနှံမှု အခြေအနေမှာတော့ ပြီးခဲ့တဲ့ မတ် ၁၅ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးသူ ၂၁ သန်းခွဲ၊ တကြိမ်ထိုးနှံပြီးသူ ၃ ဒသမ ၆ သန်းကျော်နဲ့ စုစုပေါင်း ၂၅ သန်းကျော် ထိုးနှံပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားပေမယ့် ပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးပြီး ထောင်ချီကူးစက်မှုတွေနဲ့ တကျော့ပြန်လှိုင်းကိုလည်း စိုးရိမ်နေကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးထုတ်ပြန်မှုတွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုဆိုင်ရာ စစ်တမ်းမှာ တွေ့ရှိရတဲ့ အထောက်အထားတွေအရ ဆေးရုံမှာ စောင့်ရှောက်ကုသဖို့ လိုအပ်တဲ့ လူနာတွေ ဆေးရုံမတက်ရောက်နိုင်တာ၊ အွန်လိုင်းကသာ ကုသမှုခံယူနေကြရတာ၊ စစ်ကောင်စီက အမှန်တကယ် သေဆုံးနှုန်းကို မဖော်ပြနိုင်တာ စတဲ့အချက်တွေဟာ ထင်ရှားနေတာမို့ စစ်ကောင်စီဟာ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းတွေမှာ မှားယွင်းညံ့ဖျင်းစွာ စီမံနေတယ်လို့ သုံးသပ်ထားပါတယ်။