Home
မြန်မာသတင်း
တရားမဝင် မြန်မာအလုပ်သမားများ စီးလာသည့်ကား ဆင့်ကဲတိုက်မှုဖြစ်၊ ၆ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရ
DVB
·
March 16, 2022

ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ပရကျုပ်ခီရီခန်ခရိုင်ထဲမှာ ဒီကနေ့မနက်အစောပိုင်းက တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၈ ဦးပါ ကားတစီး ဆင့်ကဲယာဉ်တိုက်မှုဖြစ်ပွားတာကြောင့် ၆ ဦးပွဲသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ပရကျူပ်ခီရီခန်မြို့နယ် ခလောင်းဝမ်အုပ်စု နောင်နမ့်ခေါင်ကျေးရွာအပိုင်းရှိ ဖစ်ကဆဲမ်လမ်း မကြီးပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး လူနာတင်ယာဉ်၊ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ သွားရောက်စစ်ဆေးခဲ့တယ်လို့ ခလောင်းဝမ်နယ်မြေရဲတပ်ဖွဲ့ တာဝန်ရှိသူက သတင်းထောက်တွေကို ပြောပါတယ်။ 

အခင်းဖြစ်နေရာမှာ လမ်းလယ်က အုတ်ဘောင်ကို အရှိန်နဲ့တိုက်ပြီး ပျက်စီးနေတဲ့ အနက်ရောင်ဟိုင်းလပ်ကား ၁ စီး၊ အဖြူရောင်မှန်လုံကား ၁ စီးနဲ့အတူ သေဆုံးဒဏ်ရာရသူတွေ ပြန့်ကျဲနေကြောင်း၊ အဲဒီထဲမှာ ၆ ဦး (ကျား ၂ ဦး၊ မ ၃ ဦး နဲ့ ကလေးမလေး ၁ ဦး) သေဆုံးနေကာ ၅ ဦးက ဒဏ်ရာပြင်းထန်ပြီး ၇ ဦးကတော့ ဒဏ်ရာမပြင်းထန်ဘူးလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သေဆုံးဒဏ်ရာရသူတွေကို ခလောင်းဝမ်ဆေးရုံပို့ဆောင်ပေးခဲ့ကြောင်း၊ စစ်ဆေး မေးမြန်းချက်အရ ဟိုင်းလပ်စ်ကားပေါ်ပါလာသူ ၁၈ ဦးဟာ မြန်မာနိုင်ငံ မုဒုံမြို့ကဖြစ်ပြီး ထိုင်းအလယ်ပိုင်း စမွတ်စခွန်းခရိုင်မှာ အလုပ်သွားလုပ်ဖို့ ဝင်လာတာလို့ ဆိုပါတယ်။ 

ဟိုင်းလပ်စ်ကားဟာ အခင်းဖြစ်တဲ့ နေရာအရောက် ရုတ်တရက်အရှေ့ဘီးပေါက်ကွဲပြီး လမ်း လယ်ခေါင်ခြားထားတဲ့ အုတ်ရိုးဘောင်ကို ဝင်တိုက်တာကြောင့် ကားထဲပါလာသူတွေ လွင့်စင်ကုန်ကြောင်း၊ အဲဒီအခိုက်မှာ အရှိန်နဲ့ မောင်းလာတဲ့ မှန်လုံကားတစီးက  အဆိုပါကားကို ထပ်တိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

မှန်လုံကားမောင်းသမားက သူဟာ ဒီမတိုင်ခင်လမ်းဘေးမှာ တထောက်ရပ်နားခဲ့ကြောင်း၊ အဲဒီနောက် အရှိန်နဲ့ ခရီးဆက်မောင်းလာရာမှာ လမ်းအကွေ့နားအရောက် မှောင်မည်းပြီး ဘာမှမမြင်ရတာကြောင့် ယာဉ်တိုက်မှုဖြစ်နေတဲ့ကားကို ထပ်ပြီးတိုက်မိခဲ့တာလို့ ဆိုပါတယ်။  မှန်လုံကားလည်း အရှေ့ပိုင်းပျက်စီးပြီး ယာဉ်မောင်းသမားတော့ ထိခိုက်ဒဏ်ရာမရပါဘူး။ 

မြန်မာနိုင်ငံသားတွေကို တရားမဝင်တင်ဆောင်လာတဲ့ ဟိုင်းလပ်စ်ကားမောင်းသမားကတော့ အပြစ်ပေးအရေးယူခံရမှာစိုးရိမ်ပြီး ယာဉ်တိုက်မှု ဖြစ်တာနဲ့ မှောင်ရိပ်ခို ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

ပရကျူပ်ခီရီခန်ခရိုင်ထဲမှာ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းအလုပ်သမားတွေ နေ့စဉ်လိုလို တရားမဝင် ဝင်ရောက်နေကြပြီး မတ် ၁၅ ရက် ည ၁၁ နာရီကလည်း ပရကျူပ်ခီရီခန်မြို့ ဟွေ့ဆိုင်း ကျေးရွာအုပ်စုဘက်မှာ တနင်္သာရီတိုင်းကနေ တရားမဝင် ဝင်လာတဲ့ မြန်မာ အယောက် ၂၀ (ကျား ၁၇ ဦး ၊ မ ၃ ဦး) နဲ့အတူ လာကြိုတဲ့ ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးတို့ကိုပါ ဖမ်းဆီးထားတယ်လို့ ပရကျုပ်ခီရီခန်ရဲစခန်းက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024