မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို တင်ပို့နေတဲ့ တင်ပို့ကုန်တချို့ ယာယီရပ်နားမယ်လို့ နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
နယ်စပ်ကုန်သည်တဦးက “နယ်စပ်ကုန်သွယ်ဂိတ် ကျင်းစန်ကျော့ဂိတ်ကနေ ဆန်၊ ဆန်ကွဲ၊ ငရုတ်စိမ်း၊ အအေးခန်းစနစ်နဲ့ သယ်ယူရမယ့် ကုန်စည်၊ အေးခဲလတ်ဆတ်ကုန်၊ အေးခဲကုန်၊ ရေထွက်ကုန်၊ Daily သုံး ကုန်ပစ္စည်းနဲ့ ထုပ်ပိုးလွယ်ကူတဲ့ စားသောက်ကုန်တွေကို ယာယီရပ်နားတာ။ တရုတ်ဘက် ဝင်ခွင့်ပိတ်ထားတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကုန်စည်တချို့ တင်သွင်းမှု ယာယီရပ်နားထားခြင်းဆိုင်ရာ ကြေညာချက် ၂ စောင်ကို ကုန်သည်လုပ်ငန်းရှင်များ သိရှိနိုင်ရေး လိုအပ်သလို အသိပေး ဆောင်ရွက်သွားရန် မြန်မာဘက်က တာဝန်ရှိသူတွေဆီ အသိပေး အကြောင်းကြားလာကြောင်း မူဆယ် - နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း မူဆယ်နဲ့ ဆန်စပါးကုန်စည်ဒိုင် မူဆယ်တို့ရဲ့ အသိပေး ထုတ်ပြန်စာအရ သိရပါတယ်။
နှစ်နိုင်ငံ ကုန်သွယ်ဂိတ် ဖွင့်ထားပေမယ့် တရုတ်ဘက်က မကြာခဏ ပေါ်လစီ သတ်မှတ်ချက်တွေ ပြောင်းလဲနေတာကြောင့် ခက်ခဲနေတဲ့အပြင် ထင်သလောက် တင်ပို့၊ တင်သွင်းလို့ မရသေးကြောင်း ဝမ်တိန်ရောက် မြန်မာကုန်သွယ်ဂိတ် လုပ်ငန်းရှင်တဦးက ပြောပါတယ်။
"ဂိတ်ပေါက်အခြေနေက ပုံမှန်မဟုတ်သေးဘူး။ အဝင်၊ အထွက်ကလည်း ထင်သလောက် မဟုတ်သေးပါဘူး။"
လက်ရှိ တရုတ်နိုင်ငံ ရွှေလီမြို့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး Task Force မှ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုကို သိပ္ပံနည်းကျကျ တားဆီးကာကွယ်နိုင်ရေး တရုတ်နိုင်ငံ FDA ဥပဒေ၊ စားသောက်ကုန် တင်သွင်း၊ တင်ပို့ခြင်း ဥပဒေနဲ့ ကျင်စန်းကျော့ - ဝမ်တိန် (မန့်မန်း) ဂိတ်ပေါက် ကုန်စည်သယ်ပို့မှု ပြန်လည်ဖွင့်လှစ်ရေး Working Group ရဲ့ အစီအစဉ် ယာယီသတ်မှတ်ချက်အရ မြန်မာဘက်က ကုန်စည်တချို့ကို တင်ပို့ခွင့် ယာယီရပ်ဆိုင်းဖို့ အသိပေး အကြောင်းကြားလာတာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။