Home
မေးမြန်းခန်း
“ဗုံးသီးဘယ်လောက်ကြီးကြီး ကျနော်တို့ရဲ့ ခံယူချက်ကြီးမားတာလောက် မမီဘူး” KNDF နှင့် မေးမြန်းချက်
DVB
·
March 16, 2022

စစ်ကောင်စီတပ်က လေယာဉ်နဲ့ အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာမှာ  မပေါက်ကွဲဘဲ မြေကြီးထဲ စိုက်ဝင်နေတဲ့ ဗုံးကြီးတစ်လုံးကို ဒေသခံ ကရင်နီ ပြည်သူ့ကာကွယ်ရေးတပ်တွေက  မတ်လ ၁၅ ရက် ဒီကနေ့ နေ့လယ်ပိုင်းမှာ တူးဖော် ဖယ်ရှားခဲ့ပါတယ်။

ဒီဗုံးကြီးကို ဘယ်လို ခက်ခက်ခဲခဲတူးဖော်ခဲ့ရတာလဲဆိုတာနဲ့ပတ်သက်လို့  တူးဖော်ရာမှာ ကိုယ်တိုင်ပါဝင်ကူညီပေးခဲ့သူတဦးဖြစ်တဲ့   ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဦးဆောင်ကော်မတီဝင်  ကိုဖိုးသိုက်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ မနေ့ကတူးဖော်လိုက်တဲ့ ဗုံးကြီးက ဘယ်နေရာမှာတူးဖော်တွေ့ရှိခဲ့တာလဲ။  နောက်ပြီးတော့ ဒီဗုံးကြီးက ဘာအမျိုးအစားလို့သိရတာလဲ ဒီဗုံးတူးဖော်တွေ့ရှိတာနဲ့ ပတ်သက်လို့ ပြောပြပေးပါလား။

ဖြေ။ “ ဟုတ်တယ်။ ဒီဟာ မတ်လ ၇ ရက်နေ့ ည ၂ နာရီမှာ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာရွာထဲမှာ ပစ်ချထားသွားတဲ့ ဗုံးသီး ၂ လုံးပေါ့နော်။ တလုံးကွဲတယ်။ တလုံးက မကွဲဘဲနဲ့ မြေကြီးထဲ တော်တော် နက်ထဲကို ဝင်သွားတာပေါ့နော်။ အဲဒါနဲ့ ကျနော်တို့ အခု တူးဖော်လိုက်တာပေါ့။ KAက ဦးဆောင်ပြီးတော့ KNDF ရဲဘော်တွေနဲ့အတူတူ ပူးပေါင်းပြီးမှ တူးလိုက်တာဖြစ်ပါတယ်။ ပေါင် ၅၀၀ ဗုံးသီးလို့တော့ ကျနော်တို့ အဲလိုတော့ ပြောလို့ရတယ်။ ဒီဗုံးသီးရဲ့နာမည်က ဘာလဲညာလဲတော့ ကျနော်တို့လည်း မသိဘူး။ သို့သော် ဒီဟာကို KA က ဗိုလ်တိတူတို့က ကက်ကို ဖြုတ်တယ်။ ဖြုတ်ပြီးတော့ အထဲမှာ ဝါယာတွေနဲ့ ကျနော်တို့ ဒီလိုပဲ လူပြိန်းနည်းနဲ့ပဲ ကျနော်တို့ ဆွဲဖြုတ်သွားလိုက်တာပဲပေါ့နော်။ တယောက်မှတောင်မဖြုတ်ဖူးဘဲ၊ ဒါ တခါမှတောင်မတွေ့ဖူးဘူး။ ဒီလိုမျိုး ဗုံးသီးကြီးကို၊ ဒီယူကရိန်းကို ရုရှားက ပစ်တဲ့ဟာတွေထက်တောင်မှာ ကြီးသေးတဲ့ပုံစံမျိုးဖြစ်တယ်။ ဗွီဒီယိုဖိုင်တခုရှိတယ်လေ။ ယူကရိန်းက ရဲဘော်တယောက် ရေဘူးလေးနဲ့ အပေါ်ကနေ လောင်းပေးပြီးတော့ အောက်ကနေဖြုတ်တာ၊ ကျနော်တို့လည်း အဲဒီတိုင်းပဲ ဖြုတ်ရတယ်။ သို့သော်ဗုံးသီးက အဲဒီဟာထက် ပိုကြီးတာပေါ့နော်။ အဲလိုအခြေအနေတော့ရှိပါတယ်။”

 မေး။ နောက်တခုက အခုလို တူးဖော်တဲ့အခါမှာ ဘယ်လိုခက်ခက်ခဲခဲ တူးဖော်လုပ်ဆောင်ခဲ့ရလဲ။

ဖြေ။ “ ခက်ခက်ခဲခဲကတော့ အဓိက နက်နက်ဝင်သွားတဲ့အတွက် နက်နက်ကို လိုက်တူးရတာတခုပါပဲ။ ဆွဲထုတ်လာပြီးတော့ ကျနော်တို့ ထိပ်က ထိပ်ဖူးကို ကျနော်တို့ဖြုတ်တယ်။ ဖြုတ်ပြီးတော့ အထဲမှာ ဆက်ထားတဲ့ ဝါယာကြိုးကို ကျနော်တို့ ဆွဲဖြုတ်လိုက်တာပါပဲ။ ကျနော်တို့ အရမ်းကြီးခက်ခက်ခဲခဲတော့ မဖြစ်ဘူးပေါ့လေ။ သို့သော် ပထမဆုံး အကြိမ်ဖြုတ်ကြရတာဆိုတော့ တယောက်နဲ့တယောက် ဘယ်သူလုပ်မလဲဆိုတဲ့ဟာလေးတွေတော့ ရှိတာပေါ့လေ။ အားလုံး အန္တရာယ်ကင်းကင်းနဲ့ဖြစ်အောင် တယောက်မှလည်း တခုခု မထိအောင်အောင်ဆိုပြီးမှ ကျနော်တို့ သေချာလုပ်ခဲ့ကြပါတယ်။ ”

“ကျနော်တို့ကတော့ ဘာမှ မတုန်လှုပ် မခြောက်ခြားပါဘူး။ ကျနော်တို့ တုန်လှုပ်ခြောက်ခြားနေ မယ်၊ ကြောက်နေမယ်ဆိုလို့ရှိရင် ကျနော်တို့ အစကတည်းက ဒီအလုပ်ကို မလုပ်ပါဘူး။ သူ့ရဲ ဗုံးသီး ဘယ်လောက်ကြီးကြီး ကျနော်တို့ရဲ့ ခံယူချက်ကြီးမားတာလောက် မမီပါဘူး။ ကျနော်တို့ သွားချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ၊ စစ်မှန်သော ဒီမိုကရေစီ ဒီရည်ရွယ်ချက်တွေနဲ့ ကျနော်တို့ တွန်းလှန် တိုက်လိုက်နေတဲ့ ဒီခံယူချက်တွေ၊ ဒီတန်ဖိုးတွေက သူ့ဗုံးသီးက လိုက်မမီနိုင်ပါဘူး။ ကြိုက်တဲ့ ဗုံးသီးနဲ့ပစ်လို့ရတယ်။ ကျနော်တို့ရဲ့ အဆောက်အဦတွေ၊ သက်ရှိဆိုရင်လည်းသက်ရှိပေါ့ ပျက်စီးယိုယွင်းသွား နိုင်တယ်။ ကျနော်တို့ရဲ့စိတ်ဓါတ်တွေ၊ ကျနော်တို့ရဲ့ ခံယူချက်တွေ၊ ဘယ်တော့မှ ဒီလိုဗုံးသီးကြီးကြီးနဲ့ ဖျက်ဆီးလို့ ရမှာ မဟုတ်ပါဘူး။  ”

မေး။ ဒီအခုဖြစ်တဲ့ ပြည်တွင်းစစ်မှာ ဒီကယားပြည်နယ်သေးသေးလေးကို စစ်ကောာင်စီဘက်က  ဒီလောက်ထိကြီးမားတဲ့ ဗုံးသီးနဲ့ ပစ်ခိုက်တိုက်ခိုက်ခဲ့တဲ့ အပေါ်မှာ ဘာများပြောချင်တာမျိုး ရှိလဲ။

“ ဒီလို ဗုံးသီးအကြီးစားတွေသုံးလာတဲ့ ပြယုဂ်လက္ခာက ဘာလဲဆိုတော့ စစ်ကောင်စီရဲ့ ကျရှုံး ခန်းကို ဝင်နေပြီဆိုတဲ့ ပြယုဂ်လက္ခဏာပဲ ဖြစ်ပါတယ်။ ဆိုတော့ ဘယ်ပဲ ဖြစ်ဖြစ် ကိုယ်ရှုံးတော့မယ်ဆိုရင် ကိုယ်ထဲမှာရှိတဲ့ဟာကို အကုန်ထုတ်သုံးပြီးတော့မှ လုပ်မယ့် သဘောမျိုး ရှိတယ်ပေါ့နော်။ အဲတော့ အခု စစ်ကောင်စီကလည်းသူ့မှာ ရှိသမျှအကုန်လုံး ထုတ်ပြီးတော့မှ လုပ်နေရတဲ့ သဘောပေါ့။ အဲတော့ မြေပြင်မှာ သူ့နောက်လိုက်တဲ့ခွေးတွေ အသေများတယ်။ အကျများတယ်။ လူအင်အားနဲ့ ကျနော်တို့ကို လက်နက်ကြီးအင်အား၊ ဖိုက်တာဂျက်တွေနဲ့ ထိုးလို့သား ကျနော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ခွာစစ်ပုံစံမျိုးကစားပေးတာပဲ ရှိတယ်ပေါ့လေ။ အဓိက အကျအဆုံးက ခွေးတွေက ပိုများနေတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ မြေပြင်မှာ မယှဉ်နိုင်တော့ ဒီလိုပဲ ဝေဟင်ကနေလာတဲ့ သဘောမျိုးဖြစ်ပါတယ်ပေါ့နော်။”

“စစ်တိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့ပန်းနဲ့ပေါက်တာမဟုတ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့လည်း အစကတည်းက ထိခိုက်နစ်နာမှုတွေ ရှိလာမယ်။ ကြားထဲမှာ ပြည်သူတွေ မြေဇာပင်တွေဖြစ်လာမယ် ဆိုတာ ကျနော်တို့အားလုံး ကြိုတွေးပြီးသားပဲဖြစ်တယ်။ သို့သော် ကျနော်တို့ ဒီတခါမှ ရွပ်ရွပ်ချွံချွံ ဆုံးခန်းတိုင်အောင်မလုပ်ဘူး၊ ပြတ်ပြတ်သားသားမလုပ်ဘူးဆိုရင်တော့ နောင်သားစဉ်မြေးဆက် ခံရမယ့် စစ်သေနတ်အောက်မှာ၊ စစ်ဖိနပ်အောက်မှာ ကျနော်တို့ ပြားပြားဝပ်ရမယ့်ဟာတွေ ဖြစ်လာမှာဖြစ်တဲ့ဟာကို ကျနော်တို့ လုံးဝ လက်မခံနိုင်ဘူးပေါ့နော်။ အဲဒါကြောင့် မို့ ကျနော်တို့ ဖြစ်နိုင်ခြေရှိတဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ ထိခိုက်နစ်နာမှုတွေ ကျနော်တို့ ပေးထားပြီးဖြစ်တယ်။ ဒါကြောင့်မို့လည်း ကျနော်တို့ ရင်ဆိုင်နေတာလည်းဖြစ်တယ်။ လက်ရှိမှာတော့ ကျနော်တို့ရဲဘော် တွေရော ပြည်သူလူထုတွေရော ဘာမှ စိတ်ဓာတ်ကျစရာမလိုဘူး။ ကျနော်တို့ နာကြည်းတဲ့ စိတ်တွေနဲ့ အားပြန်မွေးကြမယ်။ နာကြည်းတဲ့စိတ်တွေနဲ့ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေးပန်းတိုင်ကို အရောက်လှမ်းရမှာဖြစ်တယ်။  ”

မေး။ လက်ရှိကရင်နီဒေသမှာ စစ်လာတိုက်နေတဲ့  စစ်ကောင်စီတပ်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး သိသလောက် ပြောပြပေးပါလား။

ဖြေ။ “ကရင်နီမှာက သူတို့ရဲ့ တပ်ရင်းမှူးတွေအပါအဝင် ထိပ်ပိုင်း၊ ခေါင်းပိုင်းတွေ အကုန်သေကျေပြီး တော့မှ သူတို့ရဲ့ ရဲဘော်တွေ ထွက်ပြေးသူက ပြေး၊ ရှေ့တန်းမှာ သေတဲ့ကောင်က သေ၊ အဲလိုမျိုးတွေ ဖြစ်တဲ့အခါ ကျတော့ သူတို့ရဲ့ မိသားစုတွေလည်း နောက်တန်းမှာ ပြဿနာဖြစ်တယ်လို့ ကြားသိရတာတွေလည်း ရှိတယ်ပေါ့နော်။ အဲတော့ စစ်သားတွေ အခု ကျနော်တို့ ကရင်နီမှာ ရောက်နေတဲ့ ၉၉၊ ၄၄၊ ၆၆၊ ၅၅ ဒီကောင်တွေရဲ့ မိသားစုတွေလည်း ခင်ဗျားတို့ရဲ့ ယောက်ျားတွေ၊ ခင်ဗျားတို့ရဲ့ သားတွေ၊ ခင်ဗျားတို့ရဲ့ ညီအစ်ကို မောင်နှမတွေ ကရင်နီမှာ မြေဩဇာ မဖြစ်စေချင်ဘူးဆိုရင် CDM လုပ်ခိုင်းပါပေါ့နော်။ CDM လုပ်ပြီး ပြည်သူဘက်ကို ကူးပြောင်းလာလို့ရတယ်။ မဟုတ်ရင်တော့ ကျနော်တို့က နည်းလမ်းပေါင်းစုံနဲ့ နေ့တိုင်း သူတို့ကို မြေဩဇာ လုပ်သွားမှာဖြစ်ပါတယ်။ ”

 မေး။ နောက်ဆုံးမေးခွန်းအနေနဲ့ ဒီဗုံးဟာ အတုပါလို့ လူမှုကွန်ရက်မှာ ဝေဖန်သူတွေက  လိုက်လံပြောဆိုနေတာရှိပါတယ်။ ဒီအပေါ် ဘယ်လိုတုံ့ပြန် ပြန်ပြောဆိုချင်လဲ။

ဖြေ- “အတုလို့ ပြောတဲ့သူတွေကို ကျနော်တို့ ကတ်ပြန်ထည့်ပြီးတော့ သူတို့အိမ်မှာ လာချပေးရမလားလို့ ဒါပဲပြောလိုက်ချင်တယ်။ အဲဒီရှေ့မှာ ကျနော်တို့ ဖြုတ်ထားတဲ့ ကတ်ကို ကျနော်တို့ ပြန်ထည့်ပြီးတော့ အဲဒီလော်ဘီသမားရဲ့အိမ် ဒါမှမဟုတ် သူတို့နေတဲ့နေရာတွေမှာ ကျနော်တို့  ပြန်လာချပေးမယ်ပေါ့နော်။ လက်ခံရင် လိပ်စာ ပေးလာပါလို့နော်။

“လော်ဘီသမားတွေကတော့ ပြောမှာပဲ ကရင်နီမှာမီးလောင်တဲ့ဟာ စစ်တပ်က လုပ်နေတဲ့ဟာကို ကျနော်တို့ ကိုယ့်ရွာကို မီးပြန်ရှို့ပါတယ်ဆိုပြီး ပြောနေတာပဲ၊ ဘယ်သူ့မှာတော့ ကိုယ့်အိမ်ကိုယ်တော့ မီးဘယ်တော့မှ ပြန်မရှို့ဘူးလေ။ ဘယ်တော့မှ ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမကို ပြန်ပြီး ပစ်သတ်တာမျိုး ဘယ်သူမှ မလုပ်ဘူးဆိုတော့ သူတို့ပြောလည်း ဦးနှောက်ရှိတဲ့လူတွေကတော့ ယုံစရာအကြောင်းမရှိဘူးလေ။ ဦးနှောက်ရှိတဲ့လူတွေကတော့ ဘယ်သူလုပ်လဲ၊ ဘယ်ဝါလုပ်လဲသိနေတာပဲ။ ကမ္ဘာကလည်း ဘယ်သူက ဘာတွေ လုပ်နေလဲဆိုတာ အားလုံးသိနေတာပဲ။ ဒီထက်ပိုဆိုးတဲ့ Comment ပေးလာလည်း ပါးစပ်နဲ့ လေနဲ့ပဲ ပြောနေတဲ့ဟာကို ကျနော်တို့ ဘာမှသိပ်ပေါနေစရာမလိုဘူး။ မြေပြင်မှာ သူတို့လူတွေ ဘာဖြစ်နေလဲသူတို့သိတယ်။ သူတို့ အဖွဲ့တွေ ဘာလုပ်နေလဲဆိုတာ သူတို့သိပြီးသားပဲလေနော်။  ”

Photo-Credit

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024