စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်က နေစရာအိမ်မရှိတော့တဲ့ ပြည်သူတွေရဲ့ ယာယီ စစ်ရှောင်တဲအိမ်ငယ်တွေထိ လိုက်လံမီးရှို့နေတာကြောင့် စစ်ကောင်စီတပ်နဲ့ PDF ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအဖွဲ့ မီးရှို့မှုကြောင့် ရွာထဲမှာ နေစရာအိမ်မရှိတော့လို့ တောထဲမှာ ဖြစ်သလို တည်ဆောက်ထားရတဲ့ တည်းခိုစရာ အဆောက်အဦငယ်လေးတွေ ထပ်မံမီးရှို့ခံရတာလို့ ဆိုပါတယ်။
ကူလဲကျေးရွာအနီးမှာ မတ် ၁၄ ရက် မနက် ၁၀ နာရီလောက် တစ်ကြိမ်နဲ့ မတ် ၁၅ ရက် မနက် ၇ နာရီလောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ရွာထဲက အိမ်တွေ နေစရာမရှိတော့လို့ တောထဲမှာ စစ်ရှောင်ရင်းနေရတဲ့ ပြည်သူတွေ တည်းခိုနေရာတွေအထိ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက လိုက်လံမီးရှို့ဖျက်ဆီးနေတာကြောင့် အခုလို တိုက်ပွဲဖော်ဆောင်ရတာလို့ မင်းကင်း(MKPDF)တပ်ရင်း ၂ ရဲ့ တပ်ရင်းမှူးက ပြောပါတယ်။
ဒေသခံ PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးပူးပေါင်းအဖွဲ့ဟာ မင်းကင်းမြို့နယ် တောင်လက်ဒေသ ကူလဲကျေးရွာမှာ တပ်စွဲနေထိုင်တဲ့အဖွဲ့ဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စစ်ကောင်စီအဖွဲ့ဘက်က ထိခိုက်မှုရှိပေမယ့် အရေအတွက် အတိအကျမသိရသေးသလို PDF ပူးပေါင်းအဖွဲ့ဘက်ကတော့ အထိအခိုက်မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ပျူးစောထီးအဖွဲ့ကို မင်းကင်း (MKPDF)တပ်ရင်း ၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃၊ ကနီမြို့နယ် ဆယ်ရွာချောင်ဒေသမှ KPDF-2 အဖွဲ့နဲ့ တောင်လက်ဒေသခံ (ပကဖ)ပူးပေါင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။