မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ကံဘဲ့အုပ်စု အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းတိုးဟာ မတ်လ ၁၅ ရက် မနက် ၈ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ နယ်ခံတွေထံက သိရပါတယ်။
အသက် ၄၇ နှစ်အရွယ် ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးဝင်းမင်းတိုးဟာ ကံဘဲ့ရွာအနောက်ဘက် ရွှေတစ်ချောင်းမြောင်းဘောင်ပေါ်ရှိ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်နေစဥ် အမည်မသိ လူ နှစ်ယောက်က ဦးခေါင်းကို အနီးကပ် သေနတ်နဲ့ ပစ်သတ်သွားခဲ့တာလို့ သိရပါတယ်။
ဦးဝင်းမင်းတိုးဟာ မီတာကြေးမဆောင်တဲ့ နေအိမ်တွေက လူတွေကို ထောင်ချမယ်လို့ ကြိမ်းမောင်းပြီး မီတာပုံးတွေကို ကိုယ်တိုင်ဖြုတ်ကာ ကျေးရွာလူထုကို အဓမ္မဖိအားပေး ဒုက္ခပေးနေသူဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ အခု ပစ်ခတ်မှုကို ဘယ်အဖွဲ့က ပြုလုပ်သွားတာကိုတော့ မသိရှိရသေးပါဘူး။
မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူး အားလုံး နုတ်ထွက်ကြဖို့ကို ပကဖ(မတ္တရာ)ကလည်း သတိပေးထားပြီးနောက် နုတ်ထွက်သူ တစ်ဦးပဲရှိသေးတယ်လို့ ပကဖ(မတ္တရာ)ထံက သိရပါတယ်။