ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မနကျေးရွာအနီးမှာရှိတဲ့ ကျောက်စိမ်းတူးဖော်နေဆဲ ကျောက်စိမ်းသစ်ရွက်လုပ်ကွက်တခုမှာ မတ် ၁၃ ရက် မနက် ၉ နာရီလောက်က နွံအိုင်ပြိုကျမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နွံကန်ပြိုကျတာကို ကြိုမြင်ခဲ့လို့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နိုင်ခဲ့ကြတဲ့အတွက် လူအထိအခိုက်မရှိဘူးလို့ ဆိုပါတယ်။
“ကျောက်စိမ်းသစ်ရွက်လုပ်ကွက်မှာ ဖြစ်တာ။ နွံအိုင်ပေါက်ကျဖူးလို့ မြေစာနဲ့ ပြန်ဖို့ထားတာ။ အဲ့မှာ ကျောက်ပြန်လာရှာကြတာပေါ့။ သူတို့ နွံအိုင်ပြိုကျလာတာကို ကြိုမြင်လိုက်တဲ့သူရှိလို့ပေါ့။ မဟုတ်ရင်တော့ ကျောက်တူးသမားတွေ ဘယ်လောက်ထပ်ပါမလဲ မသိဘူး။ အခုတော့ ကြိုမြင်လိုက်လို့ ရှောင်တိမ်းလိုက်နိုင်လို့ လူပါသွားတာတော့ မရှိဘူး။ အခုတလော နွံအိုင်ပြိုကျတာတွေ ခဏခဏ ဖြစ်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ နွံကန်ပြိုကျခဲ့တဲ့ ကျောက်စိမ်းသစ်ရွက်ကုမ္ပဏီ လုပ်ကွက်မှာ ဖေဖော်ဝါရီ ၂၇ ရက်နေ့ကလည်း နွံကန်ပြိုကျမှု ဖြစ်ပွားခဲ့တာပါ။
ဖားကန့်မြို့ ကောင်ဆန်ကျေးရွာအနီးမှာရှိတဲ့ ကျောက်စိမ်းတူးဖော်နေတဲ့ နဂါးကုမ္ပဏီအနီးမှာလည်း မတ်လ ၁၀ ရက်နေ့က နွံကန်ပြိုကျခဲ့ပါတယ်။
ဖားကန့်မြို့နယ်အတွင်းက ကျောက်စိမ်းလုပ်ကွက်ဟောင်းတွေက နွံကန်တွေဟာ နှစ်စဉ်မကြာခဏပြိုကျလေ့ရှိပြီး စွန့်ပစ်မြေစာပုံပြိုကျတာကြောင့် လူအသေအပျောက် ရှိနေပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကလည်း ဖားပြင်ကျေးရွာအနီးမှာရှိတဲ့ YTT နဲ့ သံလွင်ဧရာ တူးလက်စလုပ်ကွက်မှာ မြေစာပြိုကျခဲ့ပြီး ရေမဆေးကျောက်ရွာဖွေနေသူ အယောက် ၅၀ ထက်မနည်း ပျောက်ဆုံးခဲ့ပါတယ်။