ရန်ကုန်တိုင်း မြို့နယ်အတော်များများမှာ မတ် ၁၂ ရက်ညက ပစ်ခတ်ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့ပြီး ပြည်သူအချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ဒေသခံတွေက ပြောပါတယ်။
ဒဂုံဆိပ်ကမ်းမြို့နယ် ၆၁ ရပ်ကွက်နားမှာ မတ် ၁၂ ရက် ည ၁၀ နာရီလောက်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ အနီးနားနေထိုင်သူတဦးက ပြောပါတယ်။
“ည ၁၀ နာရီလောက်က ပေါက်ကွဲသံကြီးကြားရတာ၊ အသံတော့ကျယ်တယ်၊ ပေါက်ကွဲမှုဖြစ်ပြီး လျှပ်စစ်မီးလည်း ပျက်သွားတယ်။”
ရွှေပြည်သာ မြို့နယ် Denko ဆီဆိုင်နားမှာလည်း မတ် ၁၂ ရက်ည ၉ နာရီကျော်က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်မှု မကြားမိဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
သာကေတနဲ့ စမ်းချောင်းမြို့နယ်တွေမှာလည်း မတ် ၁၂ ရက် ည ၁၀ နာရီခွဲလောက်နဲ့ ၁၁ နာရီ လောက်မှာ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့သေးတယ်လို့ သိရပါတယ်။ အလားတူ မင်္ဂလာတောင်ညွန့်၊ မြောက်ဒဂုံနဲ့ လှိုင်သာယာမြို့နယ်အရှေ့ပိုင်းမှာ ညနက်ပိုင်း ပေါက်ကွဲမှု၊ ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပေမဲ့ နေရာအတိအကျနဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးပါဘူး။
ရန်ကုန်တိုင်းအတွင်း မြို့နယ် ၃ ခုမှာလည်း မတ် ၁၂ ရက်ညက ပြည်သူတချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗိုလ်တစ်ထောင်မြို့နယ်မှာ လူငယ် ၃ ယောက်ကို စစ်ကောင်စီက မတ်လ ၁၂ ရက်ည ၁၁ နာရီလောက် လာရောက်ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ဗိုလ်တစ်ထောင် ၁၀ ရပ်ကွက် ၄၅ လမ်းထဲက လူ ၃ ယောက်ကို စစ်ကောင်စီတပ်တွေက အင်အားသုံးပြီး ဖမ်းဆီးသွားတာ။ တယောက်ကို ခေါင်းမှာ အိပ်စွပ်ပြီး ခေါ်သွားတယ်။ ဘယ်အိမ်က ဘယ်သူတွေ ပါသွားတယ် မသိရသေးဘူး” လို့ မြို့ခံတဦးက ပြောပါတယ်။
တောင်ဥက္ကလာပမြို့နယ်၊ ၆ ရပ်ကွက်၊ ကုန်းဘောင် ၁၁ လမ်းထဲကိုလည်း မတ် ၁၂ ရက် ည ၁၁ နာရီခွဲလောက် ရဲကားတွေ ရောက်လာပြီး နာရေးအိမ်မှာရှိတဲ့ လူငယ် ၁ ယောက်ကို ဖမ်းသွားတယ်လို့ သိရပါတယ်။
လှိုင်မြို့နယ် ၇ ရက်ကွက်၊ သရက်မြိုင်လမ်းထဲမှာလည်း မတ်လ ၁၂ ရက် ည ၉ နာရီခွဲ ကျော်လောက်က မိန်းကလေးငယ် ၁ ဦးကို စစ်ကောင်စီက သေနတ်ထောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ည ၁၁ နာရီလောက်မှာလည်း စစ်ကောင်စီတပ်က လှိုင်မြို့နယ် ၆ ရပ်ကွက်က နေအိမ်တွေထဲထိ အချိန်မတော် ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲက ဓာတ်ပုံတွေ့ရှိလို့ဆိုကာ အမျိုးသား ၁ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်းမှာ စစ်ကောင်စီက ဧည့်စာရင်းစစ်တာဆိုပြီး နေအိမ်တွင်း ဝင်ရောက် ရှာဖွေတာတွေ၊ လက်ကိုင်ဖုန်းကို စစ်ဆေးတာတွေ ပြုလုပ်နေပြီး ပြည်သူတွေကို ဖမ်းဆီးတာ ပိုများလာတယ်လို့ ဆိုပါတယ်။