လက်ပံတန်းမြို့နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဋ္ဌဟောင်း ကိုအောင်ကုဋေစိုးကို မတ်လ ၁၁ ရက်က သာယာဝတီခရိုင်၊ သာယာဝတီ ထောင်တွင်းတရားရုံးမှာ ထောင်ဒဏ် ၈ နှစ် ၃ လ ကျခံဖို့ အမိန့်ချခဲ့ပါတယ်။
ကိုအောင်ကုဋေစိုးဟာ ၂၀၂၁၊ မေလ ၂၃ ရက်က စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးထိန်းသိမ်းတာကို ခံခဲ့ရပြီး ၂၀၂၁၊ ဒီဇင်ဘာ ၁၆ ရက်နေ့က သာယာဝတီထောင်တွင်း တရားရုံးမှာ ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃နှစ် ကျခံဖို့ အမိန့်ချခံထားရပါသေးတယ်။
အခုအခါ ကိုအောင်ကုဋေစိုးဟာ ပုဒ်မ ၁၂၄ နဲ့ ထောင်ဒဏ် ၈ နှစ် ၃ လ ကျခံဖို့ ထပ်ပြီး အမိန့်ချခံရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ၃ လအထိ ချမှတ်ခံထားရတယ်လို့ ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။
စစ်အာဏာရှင်ကို အစဉ်ဆန့်ကျင်တော်လှန်နေတဲ့ ဗကသကျောင်းသားတွေကို ဖမ်းဆီးပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်နေတဲ့အပြင် ဖမ်းဆီးထောင်ကျနေတဲ့ ဗကသ ကျောင်းသားတွေအတွက် ထောင်ဝင်စာ ကူညီပို့ဆောင်ပေးနေသူတွေကိုပါ မတရားပုဒ်မတပ် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ သိရပါတယ်။